ချဲလ်ဆီးက ဟတ်ဒါဖီးလ်ဒ်ကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ

December 13, 2017

ချဲလ်ဆီးက ဟတ်ဒါဖီးလ်ဒ်ကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အဖြစ် ဟတ်ဒါဖီးလ်ဒ်နဲ့ ချဲလ်ဆီးတို့ မနေ့ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့လို့ ဖိအားတွေဝင်နေတဲ့ နည်းပြ ကွန်တီအတွက်တော့ အခုဂိုးပြတ်နိုင်ပွဲကြောင့် သက်သာရာ ရခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲမှာ တိုက်စစ်မှူး မိုရာတာကို အနားပေးခဲ့ပြီး ဟာဇက်၊ ပက်ဒရို၊ ဝီလီယံ တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့ပါတယ်။ ပွဲချိန် ၂၃ မိနစ်မှာ ဝီလီယံ ထိုးပေးလိုက်တဲ့ ဘောလုံးကို ဘာကာယိုကိုက အနီးကပ်ကန်သွင်းပြီး ချဲလ်ဆီးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ဒုတိယဂိုးကို ပွဲချိန် ၄၃ မိနစ်မှာ အလွန်ဆိုရဲ့ ဖြတ်တင်ဘောကို ဝီလီယံက ခေါင်းတိုက်ပြီး သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ ချဲလ်ဆီးက ၂ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲကို ဟတ်ဒါဖီးလ်ဒ်ကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အပြတ် အသာစီးရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် တတိယဂိုးကို မိနစ် ၅၀ မှာ တိုက်စစ်မှူး ပက်ဒရိုက ဂိုးဧရိယာအတွင်း အပြင်းကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဟတ်ဒါဖီးလ်ဒ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် ခြေစွမ်းပြပြီး ဒုတိယအနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဝီလီယံကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ချဲလ်ဆီးက ရမှတ် ၃၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ မှာ ရပ်တည်နေပြီး ဟတ်ဒါဖီးလ်ဒ်က ၁၈ မှတ်နဲ့ အဆင့် ၁၂ မှာ ရှိနေပါတယ်။
3 years Ago
Up