ချဲလ်ဆီးက မန်စီးတီးကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ

April 6, 2017

ချဲလ်ဆီးက မန်စီးတီးကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းက မန်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက် အဖွင့်ဂိုးကို ပွဲအစ ၁၀ မိနစ်မှာပဲ ဟာဇက်က မန်စီးတီး ဂိုးဧရိယာအတွင်းက အပြင်းကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ မန်စီးတီးအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၂၆ မိနစ်မှာ တိုက်စစ်မှူး အဂွေရိုက ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးဟာ ဒီပွဲကို ချဲလ်ဆီးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကွန်သွင်းခွင့်မှာပါ အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာတော့ ချဲလ်ဆီး ပယ်နယ်တီကန်သွင်းခွင့်ရခဲ့ပြီး ဟာဇက်ကန်သွင်းခဲ့ရာ မန်စီးတီးဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ဘောလုံးကို ဟာဇက်ကပဲ ထပ်မံပိတ်သွင်းပြီး အနိုင်ဂိုး ရယူသွားခဲ့တာပါ။ ချဲလ်ဆီးအတွက် အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူပေးခဲ့တဲ့ ဟာဇက်ကို ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် ချဲလ်ဆီးအသင်းဟာ ရမှတ် ၇၂ မှတ်နဲ့ ဒုတိယနေရာက စပါးစ်ကို ၇ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်ထားနိုင်ပါတယ်။ မန်စီးတီးကတော့ ၅၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up