ချီလီ တောမီးကြောင့်

January 27, 2017

ချီလီ တောမီးကြောင့် သေဆုံးသူ ၆ ဦး ရှိပြီ၊ ဘိုးရင်းမီးသတ်လေယာဉ်ကြီးဖြင့် ငြှိမ်းသတ်နေ (ရုပ်သံ)

ချီလီနိုင်ငံမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေအတွင်း သေဆုံးသူ ၆ ဦး ရှိသွားပြီလို့ ချီလီအာဏာပိုင်တွေက ပြောဆိုပါတယ်။ အရင်ရက်တွေက မီးသတ်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး အလောင်းတွေကို မြစ်တခုအတွင်း တွေ့ရှိခဲ့တယ်လို့ ချီလီပြည်ထဲရေးဝန်ကြီးက ပြောဆိုပါတယ်။ ချီလီနိုင်ငံတ၀န်း ပြီးခဲ့တဲ့သီတင်းပတ်ကတည်းကစခဲ့တဲ့ တောမီးဟာ သစ်တောဧက ၆ သိန်းနီးပါး လောင်ကျွမ်းခဲ့ပြီဖြစ်ပြီး ဆန်ဒီယေဂိုမြို့တော် တောင်ဘက်မှာလည်း အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။ တောမီးတွေ ထိထိရောက်ရောက်ငြိမ်းသတ်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ဘိုးရင်း ၇၄၇  မီးသတ်လေယာဉ်ကြီးကိုလည်း ခေါ်ယူငြိမ်းသတ်နေကြပါတယ်။ နေအိမ်အဆောက်အဦးတွေနဲ့ စပျစ်ခြံတွေကိုလည်း လောင်ကျွမ်းခဲ့ပြီး ဒေသခံပြည်သူ ၄၀၀၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့တယ်လို့ ချီလီအာဏာပိုင်တွေက ပြောဆိုပါတယ်။ ချီလီနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပြင်သစ်သမ္မတကိုလည်း ချီလီသမ္မတက အကူအညီတောင်းခံခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ မက္ကဆီကိုနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အာဂျင်တီးနား၊ ဘရာဇီး၊ ဥရုဂွေးနဲ့ ပီရူးနိုင်ငံတွေကလည်း တောမီးငြိမ်းသတ်ရေးအကူအညီတွေ တောင်းခံထားပါတယ်။ လတ်တလော တောင်အမေရိကတိုက် နိုင်ငံတွေမှာ  နွေရာသီ အလွန် ပူပြင်းခြောက်သွေ့တာကြောင့် တောမီးတွေ အလွယ်တကူ ကူးစက်ပျံနှံ့တယ်လို့ ချီလီမီးသတ်တပ်ဖွဲ့က ပြောဆိုပါတယ်။
5 years Ago
Up