ချီလီအာဏာပိုင်များ

June 15, 2018

ချီလီအာဏာပိုင်များက ခရစ်ယာန်ဘုရားကျောင်း ရုံးခန်းများကို လျှပ်တပြက် ဝင်ရောက်စီးနင်း

လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုတွေ၊ ဖုံးကွယ်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို သိမ်းဆည်းဖို့ ချီလီအာဏာပိုင်တွေဟာ ဇွန်လ ၁၃ ရက်နေ့က ခရစ်ယာန်ဘုရားကျောင်း ရုံးခန်းတွေကို လျှပ်တပြက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ချီလီရဲတပ်ဖွဲ့နဲ့ စုံစမ်းရေးမှူးတွေဟာ ဇွန်လ ၁၃ ရက်နေ့က ကက်သလစ်ဘုရားကျောင်း ရုံးခန်းတွေကို လျှပ်တပြက် ဝင်ရောက်စီးနင်းပြီး အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့ပါတယ်။ ဒီစီးနင်းမှုတွေဟာ ပုပ်ရဟန်းမင်းကြီးက စေလွှတ်လိုက်တဲ့ ဗာတီကန် စုံစမ်းရေးမှူးတွေနဲ့ ချီလီနိုင်ငံရဲ့ စုံစမ်းရေးအကြီးအကဲတို့ မတွေ့ဆုံမီ နာရီပိုင်းအလိုမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “စုံစမ်းရေး ဆက်လက်ပြုလုပ်ဖို့ရာ လိုအပ်တဲ့ အထောက်အထားတွေ သိမ်းဆည်းရမိဖို့အတွက် ဆန်တီယေဂိုနဲ့ ရန်ကာဂွါ နှစ်မြို့စလုံးမှာ စီးနင်းမှုတွေ တပြိုင်နက် လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြစ်မှုကို ဖော်ထုတ်နိုင်မယ့် အကျိုးရလဒ်ရှိစေမှာ ဖြစ်ပါတယ်” လို့ စုံစမ်းစစ်ဆေးရေးမှူး အမ်မီလီယန်နို အာရီရက်စ်က ပြောပါတယ်။ ဂိုဏ်းချုပ်ဆရာတော်ရဲ့ ဥပဒေအကြံပေး ဟိုင်းမေး အော်တီ ဒီလာကန်နိုက “ကျေန်ာက ကက်သလစ်တက္ကသိုလ်မှာ ဗာတီကန် သံတမန်တွေနဲ့ အလုပ်လုပ်နေတာပါ။ အဲဒီအချိန်မှာပဲ သူတို့က ဖာသာရေ တရားရုံးကိုသွားပါ။ ဒီမှာ စီးနင်းမှုလုပ်တော့မယ်ဆိုပြီး ပြောတယ်။ ကျနော် အံ့အားသင့်သွားတာပဲ” လို့ ပြောပါတယ်။ ဇွန်လ ၁၃ ရက်နေ့ အစောပိုင်းက ချီလီအာဏာပိုင်တွေဟာ နိုင်ငံတောင်ပိုင်း ရန်ကာဂွါ ဘုန်းတော်ကြီးရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး စာရွက်စာတမ်းတွေ သိမ်းဆည်းခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းက စွပ်စွဲမှုတွေ ထွက်ပေါ်နေစဉ်အတွင်း ရန်ကာဂွါ ဘုန်းတော်ကြီးဟာ ဘုန်းကြီး ၁၄ ပါးကို ဘုရားကျောင်းတာဝန် ထမ်းဆောင်ခွင့် ရပ်ဆိုင်းခဲ့ပါတယ်။ အခုအခါမှာတော့ ချီလီ တရားရေးအာဏာပိုင်တွေဟာ နိုင်ငံတဝန်း ဘုရားကျောင်းအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုပေါင်း အနည်းဆုံး ၄၀ ခန့်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသထုတ် အယ်လ်မယ်ကိုရီိယို သတင်းစာမှာ ဖော်ပြထားပါတယ်။
3 years Ago
Up