ချီလီမီးတောင်ဝတွင် မီတာ ၄၀ ရှိ အက်ကြောင်းတွေ့၊ အနီးအနား နေထိုင်သူများ စိုးရိမ်

January 12, 2018

ချီလီမီးတောင်ဝတွင် မီတာ ၄၀ ရှိ အက်ကြောင်းတွေ့၊ အနီးအနား နေထိုင်သူများ စိုးရိမ်

ချီလီနိုင်ငံက အန္တရာယ်အရှိဆုံး မီးတောင်တလုံးဖြစ်တဲ့ ချီလန်မီးတောင်ဝမှာ မီတာ ၄၀ ရှိတဲ့ အက်ကြောင်း တွေ့ရှိခဲ့ပြီးနောက် မီးတောင်အနီးအနားမှာ နေထိုင်သူတွေအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်စေခဲ့ပါတယ်။ နီဗာဒိုးစ် ဒါချီလန်လို့ခေါ်တဲ့ မီးတောင်ဟာ ပိုမိုလှုပ်ရှားလာတာတွေ့ရပြီး မီးတောင်ဝ အက်ကြောင်းဟာလည်း ပိုကြီးလာတယ်လို့ ချီလီ ဘူမိဗေဒနဲ့ သတ္တုတူးဖော်ရေးအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာ့မြေမျက်နှာသွင်ပြင် ပထဝီဝင်ဌာနမှူး မာဆယ်လိုလာဂို့စ်က “ပြီးခဲ့တဲ့ရက်ပိုင်းက ရရှိတဲ့ ပုံရိပ်အတည်ပြုချက်တွေအရ မီးတောင်ရဲ့ အရှေ့ပိုင်းအစွန်မှာ အက်ကြောင်းတိုးလာတာ တော်တော်ကြီးပါတယ်။ နောက်ပြီး မီးတောင်ထိပ်က ချော်ရည်လှုပ်ရှားမှုကိုလည်း တွေ့ရပါတယ်။ ချော်ရည်တွေ တိုးထွက်တဲ့ဟာကိုကြည့်ရင် မီးတောင်ထိပ်မှာ ချော်ရည်တွေ စုနေတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ချော်ရည်ပျောက်ကွဲတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါပေမယ့် ပေါက်ကွဲမှုက နှေးပါတယ်။ ပေါက်ကွဲမှုစနေပေမယ့် ပေါက်ကွဲမှုအကြီးကြီး ဖြစ်ဖို့အထိတော့ လုံလောက်တဲ့စွမ်းအင် မရှိပါဘူး" လို့ ပြောပါတယ်။ ယေဘုယျအားဖြင့် ချီလီနိုင်ငံမှာ မီးတောင်ထိပ် ချော်ရည်လှုပ်ရှားမှုတွေဟာ ပေါက်ကွဲမှုနဲ့ အဆုံးသတ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။ ဆက်လက်ပြီး သူက "ဒီတကြိမ်မှာတော့ အက်ကွဲကြောင်း အခြေအနေကို ပိုတွေ့ရပြီး အဲဒီနေရာက ချော်ရည်စီးဆင်းသလို စုလည်းစုနေပါတယ်။ ချော်ရည်တွေစုနေတဲ့ အခြေအနေကြောင့်  ပညာရှင်တွေအနေနဲ့ ဒီဖြစ်စဉ်ကို အသေအချာသိနိုင်တာ ဖြစ်ပါတယ်” လို့လည်း ပြောပါတယ်။ နီဗာဒိုးစ် ဒါချီလန် မီးတောင်ဟာ အာဂျင်တီးနားနိုင်ငံ နယ်စပ်အနီး ချီလီနိုင်ငံမှာ တည်ရှိတာပါ။ မီးတောင်ပေါက်ကွဲပါက အနီးအနားမှာရှိတဲ့ ထင်ရှားတဲ့ စကိတ်စီး ကမ္ဘာလှည့်ခရီးသွား အပန်းဖြေစခန်းနဲ့ အာဂျင်တီးနားနိုင်ငံတို့ကို  ထိခိုက်နိုင်ပါတယ်။ ဒီမီးတောင်ဟာ မနှစ် ဇန်နဝါရီလက ပေါက်ကွဲခဲ့တာကြောင့် အခုလို အက်ကြောင်းသစ် ဖြစ်ပေါ်စေခဲ့တာလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up