လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုကျင့်တဲ့ ပြဿနာအတွက် ချီလီခရစ်ယာန် ဘုန်းတော်ကြီးတွေ နုတ်ထွက်စာ တင်ခဲ့ကြပါတယ်။
အခုသီတင်းပတ်အတွင်း ပုပ်ရဟန်မင်းကြီး ဖရန်စစ်ပါဝင်တဲ့ အစည်းအဝေးပွဲပြီးနောက် မေလ ၁၈ ရက်နေ့မှာ ချီလီနိုင်ငံတွင်း အသင်းတော် စီမံရေး ခရစ်ယာန်ဘုန်းတော်ကြီးတွေက အစုလိုက် အပြုံလိုက် တာဝန်က ရပ်နားမယ်လို့ အဆိုပြုခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီးက အခုလို တာဝန်က အနားယူဖို့ ဘုန်းတော်ကြီးတွေရဲ့ ကမ်းလှမ်းချက်ကို လက်ခံ မခံကတော့ မသိရသေးပါဘူး။
အနားယူဖို့ ကမ်းလှမ်းထားတဲ့ ဘုန်းတော်ကြီး ၃၈ ဦးထဲက အများစုက အီတလီမြို့တော် ရုမ်း ကနေ ချီလီမြို့တော် စင်တီယာဂိုကိုပြန်ကြမယ်လို့ သတင်းထောက်တွေကို ပြောကြပါတယ်။
“နုတ်ထွက်တယ်ဆိုတဲ့ အသုံးအနှုန်း ကျနော်မပြောခဲ့ပါဘူး။ ပုပ်ရဟန်းမင်းကြီး ဖယ်ရှားမယ့် နေရာမှာ ကျနော်တို့ ရုံးကို ထားပြီးပြီလို့ ပြောခဲ့တာပါ” လို့ ဘုန်းတော်ကြီးတပါးက ပြောခဲ့တာပါ။
“အဓိကအကျဆုံးကတော့ ဘုန်းတော်ကြီးတွေဆီ ပုပ်ရဟန်းမင်းကြီးရေးတဲ့ စာပါ။ အဲဒီစာမှာ ဘုန်းတော်ကြီးတွေက ကလေးငယ်တွေကို မကာကွယ်နိုင်ဘူး။ အနိုင်ကျင့်ခံရသူတွေကို မ၀န်းရံပေးနိုင်ဘူး။ တရားမျှတမှုအတွက် သက်သေ အထောက်အထားတွေကိုတောင် ဖျက်ဆီးကြတယ်လို့ ရေးထားပါတယ်။ အဲဒါက အပြင်းထန်ဆုံးဖြစ်မယ် ထင်တယ်” လို့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုကျင့်ခံရသူ တဦးကပြောပြခဲ့တာပါ။
ချီလီနိုင်ငံကို ပုပ်ရဟန်းမင်းကြီး လာရောက်လည်ပတ်ခဲ့ပြီး ၄ လအကြာမှာ အခုလို ချီလီခရစ်ယာန်ဘုန်းတော် ကြီးတွေ နုတ်ထွက်တဲ့ကိစ္စ ပေါ်ပေါက်ခဲ့ပါတယ်။
ပုပ်ရဟန်ုးမင်းကြီးရဲ့ ချီလီခရီးစဉ်မှာ ချီလီနိုင်ငံထဲ လွန်ခဲ့တဲ့ ၁၇ နှစ်အတွင်း ဘုရားကျောင်းတွေမှာ ဖြစ်ပွားနေတဲ့ လိင်ပိုင်းဆိုင်ရာပြသာနာတွေကို ပုပ်ရဟန်း မင်းကြီးရဲ့ အရေးယူ ဆောင်ရွက်မှုတွေအပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။
5 years Ago