ချီလီတွင် အဆိုးရွားဆုံး တောမီးကြောင့် ပျားနှင့် အခြားဝတ်မှုကူးသတ္တဝါများ ရှင်သန်နိုင်ရေး စိုးရိမ်ရ

February 6, 2017

ချီလီတွင် အဆိုးရွားဆုံး တောမီးကြောင့် ပျားနှင့် အခြားဝတ်မှုံကူးသတ္တဝါများ ရှင်သန်နိုင်ရေး စိုးရိမ်ရ

ချီလီနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တဲ့ တောမီးကြောင့် နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေ ထိခိုက်ခဲ့ပြီး အထူးသဖြင့် ပျားနဲ့ တခြား ဝတ်မှုန်ကူးနိုင်တဲ့ သတ္တဝါတွေ ရှင်သန်နိုင်ရေးအတွက် စိုးရိမ်နေရပါတယ်။ ပန်းသီး၊ ဘလူးဘယ်ရီသီးနဲ့ ကော်ဖီပင်တွေလိုမျိုး ပျားတွေရဲ့ စားစရာ အရင်းအမြစ်တွေ ဘေးသင့်ခဲ့ပြီး နိုင်ငံတလွှား ပျားအုံ အနည်းဆုံး ၉၀၀၀ လောက် ပျက်စီးခဲ့တယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ တောမီးကြောင့် ပျားရည် ကီလို ၅၀၀၊ ပျားဖယောင်းနဲ့ ပျားကောင်တွေ ဆုံးရှုံးခဲ့တယ်လို့ ပျားမွေးမြူရေးသမားတဦးက ပြောပါတယ်။ ပျားလို ဝတ်မှုန်ကူးရာမှာ ကူညီတဲ့ အင်းဆက်တွေဟာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အစေ့အဆန်တွေ အထွက်တိုး အောင်မြင်စေဖို့ အရေးပါတဲ့ သတ္တဝါတွေပါ။ စိုက်ပျိုးရေးအခြေပြု စီးပွားရေးအတွက် နှစ်စဉ် ဒေါ်လာ ဘီလျံချီတဲ့ ငွေတွေကို ကိုယ်စားပြုပါတယ်။ တောမီးကြောင့် စိုက်ခင်းတွေ ဆုံးရှုံးခဲ့လို့ ပျားတွေ စားသုံးရှင်သန်နိုင်ရေး သကြားဖျော်ရည်ကို ပြင်ဆင်ထားရတယ်၊ ဒါကြောင့် သကြားအလှူရှင်တွေကို မျှော်လင့် ရှာဖွေနေတယ်လို့ ပျားမွေးမြူရေးသမားတွေက ပြောပါတယ်။ ပျားမွေးမြူရေးလုပ်ငန်းထဲမှာပါတဲ့ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကလည်း ပျားတွေအတွက် အရင်အပတ်က လှုပ်ရှားမှုတခု လုပ်ခဲ့ပါတယ်။ ချီလီနိုင်ငံတလွှား တောမီးလောင်လို့ ကနဦးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၃ သန်း ရှိတယ်လို့ ချီလီ ဘဏ္ဍာရေးဝန်ကြီးက သတင်းထောက်တွေကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြောပါတယ်။ ဒီခန့်မှန်းချက်ထဲမှာ သစ်တော ပြန်လည်စိုက်ပျိုးရေး ကုန်ကျစရိတ်အတွက် ဆုံးရှုံးမှုလိုမျိုး ကဏ္ဍအတော်များများအတွက် ဆုံးရှုံးမှုတွေ မပါသေးပါဘူး။
4 years Ago
Up