ချိန်ဘာလိန် ပြော

September 2, 2017

ခြေစွမ်းပိုမိုတိုးတက်ရန် လီဗာပူးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ဟု ချိန်ဘာလိန် ပြော

လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အနာဂတ်မှာ ခြေစွမ်းပိုမိုတိုးတက်လာဖို့ ဖြစ်တယ်လို့ အင်္ဂလန်ကစားသမား ချိန်ဘာလိန်က ပြောကြားလိုက်ပါတယ်။ အသက် ၂၄ နှစ်ရှိ ချိန်ဘာလိန်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပေါင် ၃၅ သန်းနဲ့ အာဆင်နယ်အသင်းကနေ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ အာဆင်နယ်အသင်းက ထွက်ခွာဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပေမယ့် ခြေစွမ်းပိုမို တိုးတက်လာဖို့အတွက် အသင်းပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ချိန်ဘာလိန်က ဆိုပါတယ်။ အာဆင်နယ်အသင်းမှာ ၆ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ အချိန်အတွင်း အက်ဖ်အေဖလား ၃ လုံး ရယူနိုင်ခဲ့တာနဲ့အတူ တခြားအမှတ်ရစရာတွေ အများကြီးရှိခဲ့ပြီး နည်းပြ အာစင်ဝင်းဂါးနဲ့ အသင်းဝန်ထမ်းတွေ၊ အသင်းဖော်တွေနဲ့ မိမိရဲ့နောက်မှာ အမြဲအားပေးခဲ့တဲ့ အံအားသင့်စရာ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ သူ့ရဲ့ တွစ်တာအကောင့်ကနေ ချိန်ဘာလိန်က နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။ တောင်ပံကစားသမား ချိန်ဘာလိန်ဟာ လီဗာပူးအသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ခဲ့ပြီး တပတ်လုပ်ခ ပေါင် ၁ သိန်း ၂ သောင်း ရရှိမှာဖြစ်ပါတယ်။
4 years Ago
Up