ချားလ်မင်းသားနှင့် အိမ်ထောင်ရေးအဆင်မပြေမှုအကြောင်း ဒိုင်ယာနာပြောသည့် မှတ်တမ်းရုပ်သံ

August 4, 2017

ချားလ်မင်းသားနှင့် အိမ်ထောင်ရေးအဆင်မပြေမှုအကြောင်း ဒိုင်ယာနာပြောသည့် မှတ်တမ်းရုပ်သံ

ဝေလမင်းသမီး ဒိုင်ယာနာ ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် “ချားလ်မင်းသားနဲ့ အိမ်ထောင်ရေးအဆင်မပြေမှု” အကြောင်း ဒိုင်ယာနာကိုယ်တိုင် ပြောပြထားတဲ့ မှတ်တမ်းရုပ်ရှင်ကို လန်ဒန်အခြေစိုက် Channel 4 ရုပ်သံဌာနက သြဂုတ် ၆ ရက်နေ့ ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။ အဲဒီမှတ်တမ်းရုပ်ရှင်မှာ မင်းသမီး ဒိုင်ယာနာ သက်ရှိထင်ရှားရှိစဉ်က သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့တဲ့ ကန်ဝှပ် (KEN WHARFE) ကိုယ်တိုင် ပါဝင်ထားပြီး ဒီမှတ်တမ်းကားကြောင့် ဒိုင်ယာနာရဲ့ သားနှစ်ဦးဖြစ်တဲ့ ဝီလျံနဲ့ ဟယ်ရီတို့ စိတ်အနှောင့်အယှက်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ “သူတို့ရဲ့မိခင်ကို ကိန်းခန်းမကြီးဘဲ ပျော်ရွှင်ကြည်နူးပြီး ရိုးရိုးသားသားနေတတ်တဲ့၊ ချစ်စရာကောင်းတဲ့ အမျိုးသမီးတဦးအဖြစ် သူတို့ မြင်ရပါလိမ့်မယ်” လို့ ကန်ဝှပ်က ပြောပါတယ်။ ဒီနောက် ဆက်ပြီး “ဒိုင်ယာနာပြောခဲ့တဲ့ တိပ်ခွေအစမှာကတည်းက သူ့အိမ်ထောင်ရေး အဆင်မပြေတဲ့အကြောင်းတွေ သိသိသာသာ ပါဝင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေကပေါ့။ အိမ်ထောင်ရေးအဆင်ပြေဖို့ သူ အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။ နည်းလမ်းတွေရှာခဲ့ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းစွာပဲ ဘယ်တုန်းကမှ အဆင်မပြေခဲ့ပါဘူး” လို့ ဆိုပါတယ်။ မင်းသမီး ဒိုင်ယာနာဟာ ၁၉၈၁ ခုနှစ်မှာ ချားလ်မင်းသားနဲ့ လက်ထပ်စဉ်က အသက် ၁၉ နှစ်သာ ရှိပါသေးတယ်။ သားနှစ်ဦးဖြစ်တဲ့ မင်းသား ဝီလျံနဲ့ ဟယ်ရီတို့ကို မွေးဖွားခဲ့ပေမယ့် သူတို့ရဲ့ အိမ်ထောင်ရေးဟာ အဆင်မပြေမှုတွေနဲ့သာ လွှမ်းမိုးနေခဲ့ပါတယ်။ ဒီ့အတွက် ၁၅ နှစ်အကြာ ၁၉၉၆ ခုနှစ် သြဂုတ်လထဲမှာ ချားလ်မင်းသားနဲ့ တရားဝင် ကွာရှင်းခဲ့ပါတယ်။ အဲဒီနောက် တနှစ်အကြာမှာ အီဂျစ်နဲ့ ဆော်ဒီနွယ်ဖွား သန်းကြွယ်သူဌေးသား ဒိုဒီ အယ်လ်ဖာယက်ဒ်နဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ ချစ်သူ ဒိုဒီရှိရာ ပြင်သစ်နိုင်ငံကို သွားရောက်လည်ပတ်စဉ် ၁၉၉၇ ခုနှစ် သြဂုတ် ၃၁ ရက်နေ့မှာ ကားမှောက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အခုပြသမယ့် မှတ်တမ်းရုပ်ရှင်မှာ ဒိုင်ယာနာမကွယ်လွန်ခင်က Channel 4 ရုပ်သံဌာနနဲ့ သီးသန့်တွေ့ဆုံပြီး သူ့ရဲ့ခံစားချက်တွေကို ပြောပြ အသံသွင်းထားတဲ့တိပ်ခွေ ပါဝင်ပါတယ်။ “အဲဒီတိပ်ခွေထဲမှာ ဒိုင်ယာနာက ချားလ်မင်းသားဟာ သူနဲ့လက်ထပ်ထားပေမယ့် ချစ်သူဟောင်း ခမီလာနဲ့ သံယောဇဉ်မပြတ်ဘဲ တိတ်တခိုးတွဲနေတဲ့အတွက် သူ ဝမ်းနည်းစိတ်ထိခိုက်ကြောင်း” ပြောပြထားပါတယ်။ မင်းသမီးဒိုင်ယာနာရဲ့ ကိုယ်ရေးရာဇဝင်အကြောင်း စာအုပ်ရေးသားခဲ့သူ စာရေးဆရာမ  INGRID SEWARD ကတော့ “မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုအကြောင်း ပြောပြထားတာကို ဘယ်သူကမှ နားထောင်ချင်မှာမဟုတ်ဘူး” လို့ အခုချိန်မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ မင်းသား ဝီလျံနဲ့ ဟယ်ရီတို့ကို ရည်ညွှန်းပြီး မှတ်ချက်ပေး ပြောဆိုသွားပါတယ်။ ဒါပေမယ့် တော်ဝင်မိသားစုတွေအကြောင်း မှတ်ချက်ပေး ပြောဆိုတတ်တဲ့ LONDON'S EVENING STANDARD သတင်းစာ အယ်ဒီတာ ROBERT JOBSON ကတော့ “ဘုရင့်မိသားစုဆိုတာ လူထု ရွေးကောက်တင်မြှောက်ထားသူတွေ မဟုတ်ဘူးလေ။ လူထုအခွန်ပေးထားတဲ့ငွေနဲ့ သူတို့ကို ထောက်ပံ့ထားတာပါ။ အခွန်ပေးထားတဲ့ ပြည်သူတွေ ဒီရုပ်ရှင်ကို ကြည့်သင့်ပါတယ်။ မကြိုက်တဲ့လူ မကြည့်နဲ့ပေါ့” လို့ မှတ်ချက်ပေး ပြောဆိုသွားပါတယ်။
4 years Ago
Up