ချားရဟတ်

March 13, 2017

ပွဲခင်းမှ ချားရဟတ်ပြုတ်ကျ၍ ကလေး ၁ ဦး အပါအဝင် လူ ၉ ဦး ဒဏ်ရာရ (ရုပ်သံ)

တရုတ်နိုင်ငံမှာ ပွဲခင်းထဲက ချားရဟတ်တတွဲလုံး ပြုတ်ကျသွားလို့ ရဟတ်စီးနေတဲ့ ၉ နှစ်အရွယ် ကလေး ၁ ဦးနဲ့ လူကြီး ၈ ဦး ဒဏ်ရာတွေ ရရှိသွားပါတယ်။ ချားရဟတ်တတွဲလုံး ပြုတ်ကျသွားပြီး လူ ဒါဇင်နဲ့ချီ အောက်မှာပိတ်မိနေကာ အော်ဟစ်ဆူညံနေတဲ့ ထိတ်လန့်စရာ အခိုက်အတန့်ကို ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။ ဒဏ်ရာရသူတွေထဲက တဦး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ Xihe ကောင်တီမှာရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းမှာ မတ်လ ၉ ရက်နေ့က ပွဲတော်ကျင်းပခဲ့တာဖြစ်ပြီး ပွဲတော်ရဲ့ ပထမဦးဆုံးရက်မှာပဲ အခင်းဖြစ်ရာမှာ ပါဝင်သူတွေက ချားရဟတ်ကို စီးခဲ့ကြတာပါ။ ချားရဟတ်စလည်တဲ့ စက္ကန့်ပိုင်းအချိန်အတွင်းမှာ ရဟတ်ပျက်ပြီး တတွဲလုံး ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။ မျက်မြင်သက်သေ ရွာသားတဦးက ချားရဟတ်ဟာ လေထဲ လေးငါးမီတာ အမြင့်လောက်မှာ လည်နေပြီး စလည်ခါစမှာပဲ ပြုတ်ကျတာလို့ ပြောပါတယ်။ “ကံကောင်းတာက ရဟတ်က တပတ်လုံးမလည်ရသေးဘူး။ တကယ်လို့ ပိုမြင့်မြင့်လည်ပြီးမှ ပြုတ်ကျရင် လူတွေ ပိုထိခိုက်ဒဏ်ရာရကြလိမ့်မယ်” လို့ အဲဒီရွာသားက ဆက်ပြောပါတယ်။ အပြင်းအထန် ဒဏ်ရာရသူကို First People’s Hospital ဆေးရုံ ပို့ဆောင်ထားပြီး နောက် ၈ ဦးကိုတော့ စမ်းသပ်စစ်ဆေးဖို့ တခြားဆေးရုံတခုကို ပို့ထားတယ်လို့ သိရပါတယ်။ ဒီချားရဟတ်ကို ဖျက်ဆီးပစ်လိုက်ပြီး ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
5 years Ago
Up