ချာရတီဖလားပွဲတွင် မကွေးက ရတနာပုံကို ၃ ဂိုး ဂိုးမရှိဖြင့် နိုင်

January 9, 2017

ချာရတီဖလားပွဲတွင် မကွေးက ရတနာပုံကို ၃ ဂိုး ဂိုးမရှိဖြင့် နိုင် (သတင်းဓာတ်ပုံ)

ဇန်နဝါရီ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချာရတီဖလားပွဲမှာ မကွေးအသင်းက ရတနာပုံအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ လိဂ်ချန်ပီယံ ရတနာပုံအသင်းမှာ အောင်သူ၊ ရဲကိုဦး၊ ရန်ပိုင်၊ လှိုင်းဘိုဘိုတို့နဲ့အတူ နိုင်ငံခြားသား ကစားသမားတွေနဲ့ လူစုံပွဲထွက်ကစားခဲ့ပါတယ်။ မကွေးအသင်းမှာလည်း နိုင်ငံခြားသား ကစားသမား ၃ ဦးနဲ့အတူ လက်ရွေးစင် ကစားသမားတွေဖြစ်တဲ့ ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်၊ နန္ဒကျော်တို့နဲ့ ပွဲထွက်ကစားခဲ့ပါတယ်။ ရတနာပုံအသင်းအနေနဲ့ တိုက်စစ်က ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့သလို ခံစစ်ပိုင်းကလည်း လျှင်မြန်တဲ့ မကွေးတိုက်စစ်ဆင် ထိုးဖောက်မှုတွေကို မထိန်းနိုင်ခဲ့တာကြောင့် ၃ ဂိုးပြတ် ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ မကွေးအသင်းအတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ ရရှိခဲ့တာဖြစ်ပြီး ဆယ်လာက ၂ ဂိုး၊ မောင်မောင်စိုးက ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ချာရတီဖလားပြိုင်ပွဲကို ၂၀၁၆ မြန်မာနေရှင်လိဂ်ချန်ပီယံနဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ကစားစေတာဖြစ်ပြီး ရရှိလာတဲ့ ကွင်းဝင်ကြေးတွေကို လူမှုရေးအဖွဲ့အစည်းတွေဆီ လှူဒါန်းခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ရရှိတဲ့ ကွင်းဝင်ကြေးနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းမှု စုစုပေါင်း သိန်း ၉၀ ရရှိခဲ့ပြီး လူမှုရေးအကျိုးပြု အဖွဲ့အစည်းတွေကို ခွဲဝေလှူဒါန်းခဲ့ပါတယ်။  
5 years Ago
Up