ချအမ်းကမ်းခြေတွင် ဖုန်းပြောနေသည့် ထိုင်းခရီးသွား ၂ ဦး မိုးကြိုးပစ်ခံရ

May 25, 2017

ချအမ်းကမ်းခြေတွင် ဖုန်းပြောနေသည့် ထိုင်းခရီးသွား ၂ ဦး မိုးကြိုးပစ်ခံရ

ထိုင်းနိုင်ငံ ချအမ်းကမ်းခြေမှာ မေလ ၂၄ ရက်နေ့က ထိုင်းခရီးသွား ၂ ဦး မိုးကြိုးပစ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းဗီဇာသတင်းမှာ ရေးထားပါတယ်။ စီစီတီဗွီကင်မရာနဲ့ ရိုက်ကူးမိတဲ့ပုံထဲမှာ ထင်းရှူးပင်အောက်က ပလတ်စတစ်ဖျာပေါ်မှာ ထိုင်နေတဲ့ ထိုင်းခရီးသွား ၂ ဦးကို မိုးကြိုးပစ်ခံရလို့ အမျိုးသမီး သေဆုံးပြီး အမျိုးသားက ဒဏ်ရာရခဲ့တာပါ။ လျှပ်စီးထိခံရတဲ့အချိန်မှာ တဦးက တယ်လီဖုန်းဂိမ်းကစားနေပြီး တဦးက ဖုန်းပြောနေတယ်လို့ ထိုင်းရတ်သတင်းက ပြောပါတယ်။ အခင်းဖြစ်တဲ့နေရာကို ရဲတွေနဲ့ ဆေးတပ်သားတွေ အမြန်ရောက်လာပြီး မိုးကြိုးပစ်ခံရတဲ့ အသက် ၃၀ အရွယ် အမျိုးသားရဲ့ခြေထောက် မီးလောင်ကျွမ်းနေကာ ထိတ်လန့်နေတဲ့ အနေအထားနဲ့ တွေ့မြင်ခဲ့ရတာလို့ ဆိုပါတယ်။ အမျိုးသားရဲ့အနီးမှာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတဦး ညာဘက်ဦးခေါင်း မီးလောင်ကျွမ်းခံရပြီး သူမရဲ့ နှာခေါင်း၊ ပါးစပ်နဲ့ နားထဲက သွေးတွေထွက်နေတာလို့ ဆိုပါတယ်။ မိုးကြိုးထိခံရသူ ဆူပရာနီးလို့ခေါ်တဲ့ အမျိုးသမီးကို ဆေးရုံအမြန်ပို့ပေမယ့် လမ်းမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒီစုံတွဲကို မိုးကြိုးပစ်ခံရတဲ့ အကြောင်းရင်းက သူတို့ရဲ့ဖုန်းတွေကြောင့်လို့ ရဲကပြောပါတယ်။ ကမ္ဘာတဝှမ်းရှိ အဖွဲ့အစည်း တော်တော်များများက မိုဘိုင်းလ်ဖုန်းတွေဟာ လျှပ်စီးဝင်လာအောင် စွဲဆောင်တယ်ဆိုတဲ့ လူသိများတဲ့ သီအိုရီကို မမှန်ကန်ဘူးလို့ ဖွင့်ချပြောဆို ဆွေးနွေးခဲ့ကြပြီး ဒီငြင်းခုန်မှုက ဆက်လက်ဖြစ်နေဆဲပဲလို့ ထိုင်းဗီဇာသတင်းမှာ ရေးထားပါတယ်။
4 years Ago
Up