ချမှတ်မည်

July 27, 2017

ထိုင်းတွင် အီးစီးကရက် တင်သွင်းပါက ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ် ချမှတ်မည်

ထိုင်းနိုင်ငံထဲကို အီးစီးကရက်တွေ တင်သွင်းတာ၊ ရောင်းချတာ၊ တည်ခင်း ဧည့်ခံတာတွေ လုပ်ရင် ထောင်ဒဏ် ၁၀ နှစ်ကနေ ဖမ်းဆီးပစ္စည်းတန်ဖိုးရဲ့ ၅ ဆ ပေးလျော်ရမယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကော်မတီက သတိပေးလိုက်တယ်လို့ ခေါင်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။ အီးစီးကရက်ဆိုင်ရာ ပြစ်ဒဏ်တွေ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ပြီးခဲ့တဲ့လမှာ ဘန်ကောက် မဟီဒွန်းတက္ကသိုလ်က အီးစီးကရက်ရဲ့ ဆိုးကျိုးတွေ ရေးသားထားတဲ့ Journal of Adolescent Health စာအုပ် ထုတ်ဝေဖြန့်ချိပြီးတဲ့နောက် အခုလို ထပ်မံသတိပေးလိုက်တာလို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကော်မတီ အတွင်းရေးမှူး နိုင်းဆီရင်းယား ဆစ်ထိချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။ အီးစီးကရက်ထဲမှာ နီကိုတင်းဓာတ်တွေ ပါဝင်ပြီး အဲဒီဓာတ်ဟာ စွဲလမ်းမှု ပြင်းပြစေခြင်း၊ ဦးနှောက်နဲ့ အာရုံကြောကို လှုံ့ဆော်ခြင်းဖြင့် နောက်ဆက်တွဲ နှလုံးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် ပြည်သူတွေ အထူးသဖြင့် လူငယ်လူရွယ်တွေ ရှောင်ရှားဖို့ သတိပေးလိုကြောင်း နိုင်းဆီရင်းယားက ဆက်ပြောပါတယ်။ ၂၀၁၄ ခုနှစ်က ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ မူးယစ်ဆေးဝါးဥပဒေအရ မည်သူမဆို အီးစီးကရက် တင်သွင်းခြင်း၊ ရောင်းချခြင်း၊ တည်ခင်းဧည့်ခံခြင်းတွေ ပြုလုပ်တယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ် ဒါမှမဟုတ် ငွေဒဏ်မှာ ဖမ်းဆီးရမိသော စီးကရက်တန်ဖိုးရဲ့ ၅ ဆအထိ၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး  ပေးလျော်ရမယ်လို့  ပြောသွားပါတယ်။
4 years Ago
Up