ချမှတ်ထား

December 9, 2017

မွန်ပြည်နယ်ဘူတာရုံများ သန့်ရှင်းရေး စရိတ်တလ ကျပ် တသောင်းချမှတ်ထား

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ဘူတာရုံ ၄၀ ခုအတွက် လစဉ် ပြုပြင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးစရိတ်အဖြစ် ဘူတာရုံတခုကို  တစ်သောင်းကျပ်နှုန်းနဲ့  သတ်မှတ်ထားတယ်လို့ ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။ ဒီဇင်ဘာ ၈ ရက် မွန်ပြည်နယ်လွှတ်တော်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က "မွန်ပြည်နယ်အတွင်းရှိ ဘူတာရုံ သန့်ရှင်းရေးစရိတ် မည်ကဲ့သို့ ခွဲဝေ သုံးစွဲ ဆောင်ရွက်လျက်ရှိသည်ကိုသိရှိလိုတယ်”လို့ မေးမြန်းခဲ့တာကို  ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။ "ကျိုက်ထိုဘူတာကျတော့ ကျိုက်ထီးရိုးနဲ့ ပတ်သက်ပြီး ခရီးသည်အတတ်၊အဆင်းများတယ် အဲဒီအတွက် ၅သောင်းကျပ်ပေးတယ်၊ ရေး ဘူတာကျတော့ ဂိတ်ဆုံးဘူတာဖြစ်တဲ့အတွက် ၃ သောင်းကျပ် ပေးထားတယ်၊ ကျန်တဲ့ ဘူတာရုံတွေကတော့ လစဉ် တသောင်း ကျပ်နှုန်းနဲ့ ခွဲဝေချထားပေးတယ်"လို့ ဝန်ကြီးက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းရှိ ဘူတာရုံတွေအနက် သထုံဘူတာရုံမှာ ခရိုင်မြို့ တစ်ခုရဲ့ ဘူတာရုံ ဖြစ်တဲ့အပြင် အင်္ဂလိပ်ခေတ်လက်ထက် ရှေ့ဟောင်း အဆောက်အဦးတွေရှိနေတဲ့အတွက် လစဉ် သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး စရိတ် တစ်သောင်းကျပ်မှာ အလွန်နည်းပါးနေပြီး ကလေးတစ်ယောက်ရဲ့မုန့်ဖိုး အနေအထားတောင်မရှိတဲ့အတွက် ခေတ်နဲ့လိုက်လျောညီထွေတဲ့ စရိတ်အဖြစ် တိုးမြှင့် ချထားပေးဖို့ မွန်ပြည်နယ်လွှတ်တော်မှာ တောင်းဆိုခဲ့ပါတယ်။ မွန်ပြည်နယ်အတွင်းမှာ စုစုပေါင်းဘူတာရုံ (၄၃) ခုရှိပြီး မော်လမြိုင်ဘူတာရုံ ရဲ့ ပြုပြင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးစရိတ်အဖြစ် ၁၂သိန်း ခုနှစ်သောင်းကျော် ရရှိပါတယ်။ ကျိုက်ထိုဘူတာ သန့်ရှင်ရေးစရိတ်အဖြစ် ၅သောင်းကျပ်နဲ့ ရေးမြို့နယ်ဘူတာရုံအတွက် ၃သောင်းကျပ်၊ ကျန်ရှိတဲ့ ဘူတာရုံ ၄၀ အတွက် တသောင်းကျပ်နှုန်းနဲ့ မြန်မာမီးရထားက ခွဲတမ်းချမှတ်ပေးထားတယ်လို့ သိရပါတယ်။ ဟိန်းထက်
4 years Ago
Up