ချမှတ်

January 20, 2018

ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးကို သတ်မှုဖြင့် တပ်ရင်းမှူးအပါ ၆ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်

ကချင် စစ်ရှောင်ဒုက္ခသည်တွေကို သတ်ဖြတ်တဲ့အတွက် တပ်ရင်းမှူးအပါအဝင် အရာရှိနဲ့ စစ်သည်တွေကို တပ်က ထုတ်ပယ်ပြီး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ စစ်ရှောင်စခန်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။ မန်စီမြို့နယ်၊ မိုင်းခေါင် စစ်ရှောင်စခန်းက စစ်ဘေးဒုက္ခသည် ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့လို့ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာဦးနဲ့ ဗိုလ်ကြီး ၂ ယောက်၊ ဗိုလ် ၁ ယောက်နဲ့ ဒုတပ်ကြပ် ၁ ယောက်နဲ့ တပ်သား ၁ ယောက်တို့ကို စစ်ခုံရုံးက စီရင်ဆုံးဖြတ်လိုက်တာပါ။ ဒီလို ဆုံးဖြတ်တာကို မန်စီမြို့ ခမရ ၃၁၉ မှာ ပြုလုပ်ခဲ့ပြီး စိတ်ဝင်စားတဲ့ အရပ်သားတွေ လာရောက်ကြည့်ရှုဖို့ကိုလည်း ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ မိုင်းခေါင်စစ်ရှောင်စခန်းက ဦးနော်မိုင်က “မနေ့ညနေ ၆ နာရီလောက်မှာ တိုင်းမှူးရဲ့ အမိန့်ကို ဖတ်ပြတယ်။ အားလုံးသူကို တပ်က ရာသက်ပန်ထုတ်ပယ်ပြီး ထောင်ဒဏ် ၁၀ နှစ်စီချလိုက်ပါတယ်” လို့ ပြောပါတယ်။ ၂၀၁၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့က မိုင်းခေါင် ကက်သလစ်စစ်ရှောင်စခန်းမှာ နေတဲ့ နေ့စားအလုပ်သမား လဗျနော်ခွမ်၊ မရန်ဘရန်ဆိုင်း၊ အင်ခွန်ဂမ်အောင်တို့ ပြန်မရောက်လာလို့ စုံစမ်းရာမှာ တပ်က ဖမ်းသွားတယ်ဆိုတာ သိခဲ့ရတာပါ။ “သူတို့နဲ့အတူ ဖမ်းခေါ်ခံရတဲ့ ဦးလနန်ကို သွားမေးတော့ တပ်က ခေါ်သွားတယ်ဆိုတာ သိရတယ်။ ဦးလနန်ကတော့ ပြန်လွတ်လာတာ။ တပ်ရင်းမှူးကို သွားပြောတော့ မသိဘူး ပြောတယ်။ ဒါနဲ့ ကျနော်တို့ လိုက်ရှာတော့ စခန်းနဲ့ ၅ မိုင်လောက်ဝေးတဲ့ ခပရာတောင်ခြေနားမှာ အလောင်းတွေတွေ့တယ်။ အင်ခွန်ဂမ်အောင်မှာ ရင်ဘတ်မှာ သေနတ်ဒဏ်ရာရှိတယ်။ အားလုံးသူမှာ ဓားဒဏ်ရာတွေရှိတယ်။ ခေါင်းတွေ ကြေမွနေတယ်” လို့ ဦးနော်မိုင်က ပြောပါတယ်။ [caption id="attachment_249354" align="aligncenter" width="800"] အသတ်ခံရသည့် အင်ခွန်ဂမ်အောင်၏ ကျန်ရစ်သူ မိသားစု(ဓာတ်ပုံ-Kachinwaves)[/caption]   သတ်ခံရသူတွေရဲ့ ဓာတ်ပုံတွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ပို့ပေးလိုက်ပြီး သူကတဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီကို သတင်းပို့ကြောင်း၊ အဲဒီညမှာပဲ ခမရ ၃၁၉ က တပ်ရင်းမှူးက လွဲလို့ လက်ရှိ ပြစ်ဒဏ်ချခံရသူတွေကို ဗန်းမော် စကခက လာခေါ်သွားတယ်လို့လည်း သူက ပြောပါတယ်။ “သူတို့ကို စစ်ဆေးပြီး တပ်ရင်းမှူးလည်း ပါတယ်ဆိုတာ သိလို့နဲ့ တူတယ်။ နောက်ပိုင်းမှာ သူ့ကိုလည်း လာခေါ်သွားတယ်။ ထွက်ဆိုချက်တွေအရတော့ အင်ခွန်ဂမ်အောင်က သေနတ်ပစ်ပုံကိုမေးလို့ တပ်သားဖြိုးကိုက ပြရင်း မတော်တဆကျည်ထွက်ပြီး သေတာလို့ ပြောတယ်။ နောက် ကျန်တဲ့ ၂ ယောက်ကိုလည်း သတ်ပစ်လိုက်တယ်လို့ဆိုတယ်” လို့ ဆက်ပြောပါတယ်။ [caption id="attachment_249356" align="aligncenter" width="800"] အသတ်ခံရသည့် မရန်ဘရန်ဆိုင်း၏ ကျန်ရစ်သူမိသားစု(ဓာတ်ပုံ-Kachinwaves)[/caption] မိုင်းခေါင်စစ်ရှောင်စခန်းဟာ တိုက်ပွဲတွေကြောင့် ၂၀၁၃ ဝန်းကျင်ကတည်းက မန်စီမြို့နယ်ထဲက ဒေသခံတွေ ထွက်ပြေးခိုလှုံနေတာ ဖြစ်ပါတယ်။
4 years Ago

December 30, 2017

ထိုင်းနိုင်ငံတွင် လူလိမ်တဦးကို ထောင်ဒဏ်နှစ်ပေါင်း ၁၃၀၀၀ ကျော် ချမှတ်

ထိုင်းတရားရုံးက လူလိမ်တဦးကို ထောင်ဒဏ် နှစ်ပေါင်း ၁ သောင်း ၃ ထောင်ကျော် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ပူဒစ်ကစ်တီသရာဒီလော့က် အသက် ၃၄ နှစ်က ပွန်ဇီစကီးမ် (Ponzi Scheme) လို့ခေါ်တဲ့ ရင်းနှီးမြှုပ်နှံသူ အဟောင်းနဲ့ အသစ်တွေရဲ့ ငွေတွေနဲ့ လည်ပတ် စီးပွားရေးလုပ်တဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူတွေကို ငွေအမြတ်အစွန်း များများ ပြန်ရမယ်ဆိုပြီး လိမ်လည်ခဲ့တယ်လို့ ဝန်ခံခဲ့တာပါ။ လူပေါင်း ၄ သောင်းလောက်က ပူဒစ်ရဲ့ကုမ္ပဏီထဲမှာ ဒေါ်လာ သန်း ၁၆၀ (ပေါင်သန်း ၁၂၀) ရှိတဲ့ငွေကို ရင်းနှီးမြှုပ်နှံဖို့ စွဲဆောင်ခံခဲ့ရတာဖြစ်ပြီး တရားရုံးက ပူဒစ် တရားမဝင် ငွေချေးတာတွေနဲ့ လိမ်လည်မှုပေါင်း ၂၆၅၃ ခုကို တွေ့ခဲ့တာပါ။ သူ ဝန်ခံခဲ့လို့ သူ့ကို ထောင်ဒဏ်ချမှတ်မယ့်နှစ်စုစုပေါင်းထဲက ၆၆၃၇ နှစ်နဲ့ ၆ လကို လျော့ချခဲ့တယ်လို့ သိရပါတယ်။ ထိုင်းဥပဒေအရ သူ ကျူးလွန်ထားတဲ့ အမှု ၂ ခုအတွက် တခုစီကို ထောင်ဒဏ် ၁၀ နှစ်စီပဲ ချမှတ်လို့ရတာကြောင့် သူက ထောင်ဒဏ် နှစ် ၂၀ ကျော်ပဲ ကျခံရနိုင်တယ်လို့ သိရပါတယ်။ ပူဒစ်က အစည်းအဝေးတွေ ပြုလုပ်ပြီး တက်ရောက်လာသူတွေကို အခြားစီးပွားရေးတွေနဲ့အတူ နိုင်ငံခြားကုန်ပစ္စည်း တင်သွင်းခြင်း သုံးပြီးသားကား အလှကုန်နဲ့ ပိုင်ဆိုင်မှုတွေ တိုးတက်ဖို့ စတာတွေနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စွဲဆောင်စည်းရုံးခဲ့တယ်လို့ တရားစွဲဆိုသူတွေက တရားရုံးမှ ထွက်ဆိုခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို ရက်ရောလှတဲ့ ပြန်လည်ရရှိမယ့်ငွေ အမြောက်အမြားနဲ့အတူ သူ့လုပ်ငန်းဆီကို အဖွဲ့ဝင်သစ်ခေါ်လာဖို့ မက်လုံးတွေလည်း ပေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းအရ သိရပါတယ်။ ပူဒစ်ကို သူဖမ်းဆီးခံခဲ့ရတဲ့ သြဂုတ်လကတည်းက အာမခံမရလို့ ဘန်ကောက်ရီမာန်အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး တရားရုံးက သူပိုင်တဲ့ ကုမ္ပဏီ ၂ ခုကိုလည်း ဒေါ်လာ သန်း ၂၀ စီ ဒဏ်ငွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အလိမ်ခံခဲ့ရတဲ့ နာမည်သိရှိသူတွေထဲက ၂၆၅၃ ဦးကို နှစ်စဉ် အမြတ် ၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့အတူ ဒေါ်လာ ၁၇ သန်းဝန်းကျင် ပြန်လည်ပေးအပ်ဖို့ ပူဒစ်နဲ့ သူ့ရဲ့ကုမ္ပဏီတွေကိုလည်း တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
More News
Up