ချန်ပီယံဖြစ်နိုင်ချေ

June 9, 2018

အင်္ဂလန်အသင်း ကမ္ဘာ့ဖလားတွင် ချန်ပီယံဖြစ်နိုင်ချေ ၄ ရာခိုင်နှုန်းသာရှိ

အားကစားအချက်အလက် ကုမ္ပဏီတခုရဲ့ သုတေသန ပြုလုပ်ချက်အရ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ဖို့ ၄ ရာခိုင်နှုန်းပဲရှိတယ်လို့ သိရပါတယ်။ Gracenote လို့ခေါ်တဲ့ အားကစား အချက်အလက်ပိုင်းဆိုင်ရာ ကုမ္ပဏီတခုရဲ့ ထုတ်ပြန်ချက်အရ အင်္ဂလန်အသင်းက ဗိုလ်စွဲနိုင်ခြေ ၅ ရာခိုင်နှုန်းရှိတဲ့ ပီရူးအသင်းအောက်မှာ ရပ်တည်နေပါတယ်။ Gracenote ကုမ္ပဏီအနေနဲ့ အသင်းတသင်းရဲ့ အဆင့်အတန်းနဲ့ အုပ်စုတွင်းမှာ ဖြစ်နိုင်ဖွယ်ရှိတဲ့ ရလဒ်အပေါ် မူတည်ပြီး အသင်းအားလုံးရဲ့ အခြေအနေကို သုံးသပ်ပြီး ထုတ်ပြန်ခဲ့တာပါ။ အုပ်စုတက်မယ့် အခြေအနေမှာတော့ အင်္ဂလန်အသင်းက ၇၁ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ၁၆ သင်းအဆင့်မှာတော့ ပိုလန်၊ ဆီနီဂေါ၊ ကိုလံဘီယာနဲ့ ဂျပန်အသင်းတွေထဲက တသင်းနဲ့ တွေ့ဆုံဖို့ရှိပြီး ၄၁ ရာခိုင်နှုန်း ကွာတားဖိုင်နယ်တက်ဖို့ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်းအများဆုံးအသင်းက ဘရာဇီးအသင်းဖြစ်ပြီး ၂၁ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ အဲဒီနောက်မှာ စပိန်က ၁၀ ရာခိုင်နှုန်း၊ ဂျာမနီနဲ့ အာဂျင်တီးနားတို့က ၈ ရာခိုင်နှုန်းစီနဲ့ ပြင်သစ်က ၆ ရာခိုင်နှုန်း ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ သတ်မှတ်ထားပါတယ်။
3 years Ago
Up