ချန်ပီယံလိဂ် ဆီမီးပွဲကြို ရီးရဲလ်- မန်စီးတီး

May 4, 2016

ချန်ပီယံလိဂ် ဆီမီးပွဲကြို ရီးရဲလ်- မန်စီးတီး

မေ ၅ ရက်မနက်ပိုင်းမှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ စီးတီးအသင်းတို့ ကစားမှာ ဖြစ်ပါတယ်။ ပထမအကျော့ မန်စီးတီးကွင်းမှာတော့ ဂိုးမရှိ သရေကျထားပါတယ်။ ဒီပွဲမှာ အနိုင်ရတဲ့ အသင်းကတော့ ဗိုလ်လုပွဲမှာ စောင့်နေတဲ့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဆီးမီးဖိုင်နယ် ဒုတိယအကျော့ဖြစ်တဲ့အတွက် ဗိုလ်လုပွဲ တက်ရောက်ဖို့ ၂ သင်းစလုံးက အားကုန်ထုတ်ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး ၂ သင်းစလုံးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်နဲ့ ဘောလုံးပွဲကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေကို တင်ပြပေးလိုက်ပါတယ်။ ပထမဆုံးအနေနဲ့ ချန်ပီယံလိဂ်နဲ့ ပတ်သက်တဲ့ ၂ သင်းရဲ့ သမိုင်းကြောင်းအရဆိုရင်တော့ မက်ဒရစ်က ဒီတကြိမ် ဆီးမီးမှာ အနိုင်ရမယ်ဆိုရင် ဗိုလ်လုပွဲကို ၁၄ ကြိမ်မြောက်တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ၁၀ ကြိမ် အထိ ရီးရဲလ်က ဗိုလ်စွဲထားပါတယ်။ မန်စီးတီးအတွက်ကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်ဖူးတဲ့အတွက် သမိုင်းကြောင်းအရဆိုရင် ရီးရဲလ်က အသာစီးရနေပါတယ်။ ရီးရဲလ်နဲ့ မန်စီးတီးတို့ ၂၀၁၂ ကနေ ၂၀၁၆ အထိ ၄ ကြိမ် ကစားထားခဲ့ဖူးရာမှာတော့ ရီးရဲလ်က ၂ ပွဲနိုင် ၂ ပွဲသရေကျထားပါတယ်။ ဒုတိယအချက်အနေနဲ့ ဒီပွဲမှာ ကစားမယ့် ကစားသမားတွေကို ကြည့်မယ်ဆိုရင် ပထမအကျော့မှာ တံကောက်ကြော ဒဏ်ရာကြောင့် မကစားနိုင်တဲ့ ရီးရဲလ်အသင်း ကစားသမား ရော်နယ်ဒိုပြန်ကစားမှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက မန်စီးတီးနဲ့ ကစားဖို့ ကြံ့ခိုင်မှုတွေ ပြည့်နေသလို လေ့ကျင့်ခန်းတွေ ဆင်းနေပြီလို့ ရီးရဲလ် နည်းပြ ဇီဒန်းက ပြောပါတယ်။ ရော်နယ်ဒိုက ချန်ပီယံလိဂ် ၁၀ပွဲမှာ ၁၆ ဂိုး သွင်းယူထားပြီး ချန်ပီယံလိဂ်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင်လည်း ဖြစ်ပါတယ်။ မန်စီးတီးနည်းပြ မန်နျူရယ် ပယ်လာဂီနီကတော့ ရော်နယ်ဒိုကို သတိထားကစားဖို့ သတိပေးထားပါတယ်။ ဒါအပြင် ရီးရဲလ်အနေနဲ့လည်း မန်စီးတီးရဲ့ ရှေ့တန်းတိုက်စစ်မှူး အဂွီရိုကို ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် အဂွီရိုက ချန်ပီယံလိဂ်မှာ ဂိုးပေါက်ကန်သွင်းပေမယ့် လွဲချော်နေတာ ၄၃၂ မိနစ်ရှိသွားပြီဖြစ်ပြီး ဖေဖော်ဝါရီ ဒိုင်နမိုကိယက်နဲ့တုန်းကသာ ၁ ဂိုးသွင်းယူထားပါတယ်။ နောက်ဆုံးကစားတဲ့ ချန်ပီယံလိဂ် ၄ ပွဲစလုံး ဂိုးပေါက် ပျောက်နေပါတယ်။ မေ ၁ ရက် ပရီးမီးယားလိဂ်က ဆောက်သင်တန်ကို ရှုံးတဲ့ပွဲမှာတော့  အဂွီရိုကို နည်းပြက အနားပေးခဲ့ပါတယ်။ မန်စီးတီးကစားသမား ဒီဘရိုင်နေးကလည်း အဂွီရိုဟာ ဒီပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမားတဦးလို့ ဆိုပါတယ်။ မေ ၂ ရက်အထိ ရီးရဲလ်ရှေ့တန်းတိုက်စစ်မှူး ဘန်ဇီမာကတော့ အပြေးလေ့ကျင့်ခန်းသာ ဆင်းနိုင်ပြီး တံကောက်ကြော ဒဏ်ရာကြောင့် ပါဝင်နိုင်ရေးက မသေချာသေးပါဘူး။ လာလီဂါက ရီးရဲလ် ဆိုစီဒက်ကို နိုင်တဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ ဘရာဇီးအလယ်တန်းလူ ကက်စီမီရိုကလည်း မန်စီးတီးနဲ့ ပွဲမှာ ကစားဖို့ မျှော်လင့်နေပါတယ်။ မန်စီးတီးအသင်းက ပေါင်မှာ ဒဏ်ရာရနေတဲ့ ယာယာတိုရေးကလည်း မေ ၃ ရက်မှာ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် မန်စီးတီးကစားသမား နာဆာရီ၊ ဒေးဗစ်ဆေးဗားနဲ့ ဇာဘလက်တာတို့ကတော့ ၀င်ကစားနိုင်မှာ မဟုတ်ပါဘူး။ ရီးရဲလ်နည်းပြ ဇီဒန်းက အကောင်းဆုံးအခြေအနေမှာ ရှိနေသလို ခက်ခဲတဲ့ပွဲဖြစ်ပေမယ့် ဗိုလ်လုပွဲရောက်ရေး ကြိုးပမ်းမယ်လို့ ပြောပါတယ်။ Goal ၀က်ဆိုဒ်မှာတော့ ရီးရဲလ်အနိုင်ရဖို့ ခန့်မှန်းသူ ၆၀ ရာခိုင်နှုန်း သရေကျဖို့ ခန့်မှန်းသူ ၁၉ ရာခိုင်နှုန်းနဲ့ မန်စီးတီးနိုင်ဖို့ ခန့်မှန်းသူကတော့ ၂၁ ရာခိုင်နှုန်းရှိနေပါတယ်။ Goal ၀က်ဆိုဒ်ရဲ့ ထိပ်ဆုံးရောက်နေတဲ့ ဂိုးအရေအတွက် ခန့်မှန်းချက်ကတော့ ရီးရဲလ် ၂- ၀ မန်စီးတီး၊ ရီးရဲလ် ၃- ၁ မန်စီးတီး၊ ရီးရဲလ် ၂- ၁ မန်စီးတီးတို့  ဖြစ်ပါတယ်။ ဘောလုံးနဲ့ပတ်သက်ပြီး ရလဒ်တွေကို တိုက်ရိုက် တင်ဆက်ပေးနေတဲ့ 365Scores ဖုန်း အပလီကေးရှင်းမှာတော့ ရီးရဲလ်မက်ဒရစ်နိုင်ဖို့ ၆၀ ရာခိုင်နှုန်းအတွက် မဲပေးသူ ၆၁၉၇၄ ဦးရှိပြီး သရေကျဖို့ ၁၅ ရာခိုင်နှုန်းအတွက် မဲပေးသူ ၁၅၃၄၈နဲ့ မန်စီးတီးနိုင်ဖို့ ၂၅ ရာခိုင်နှုန်းနဲ့ မဲပေးသူ ၂၅၁၃၁ ဦးရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ရော်နယ်ဒိုကလည်း ကစားနိုင်ပြီဖြစ်သလို ဂျရတ်ဘေးကလည်း အကောင်းဆုံး အနေအထားမှာ ရှိနေတဲ့ အချက်တွေကို မူတည်ပြီး စကိုင်းစပေါ့ ဘောလုံးပွဲ ကျွမ်းကျင်သူ ချာလီ နီကိုလတ်စ်ကတော့ မန်စီးတီးအသင်း အသည်းကွဲမှာ ဖြစ်သလို ဂိုးအရေအတွက်ကတော့ ၃ -၁ လို့ မှန်းထားပါတယ်။ အင်္ဂလန် လက်ရွေးစင်ဟောင်း မိုက်ကယ်အိုဝင်ကတော့ မန်စီးတီးအသင်းရဲ့ ဂိုးမိုးခေါင်နေတဲ့ တိုက်စစ်မှူးတွေကို ထောက်ပြပြီး ရီးရဲလ်ကို ရွေးထားပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေ၊ ၀က်ဆိုဒ်တွေရဲ့ ခန့်မှန်းချက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတောကတော့ မြန်မာဘောလုံးပရိသတ်တွေအနေနဲ့ မေ ၅ ရက် မြန်မာစံတော်ချိန် မနက် ၁း၁၅ မှာ ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ကြပါစို့။
6 years Ago
Up