ချန်ပီယံလိဂ်ဝင်ခွင့် ခြေစစ်ပွဲ ပထမအကျော့တွင် လီဗာပူး အနိုင်ရ

August 16, 2017

ချန်ပီယံလိဂ်ဝင်ခွင့် ခြေစစ်ပွဲ ပထမအကျော့တွင် လီဗာပူး အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်အဖြစ် ဂျာမန်ကလပ် ဟော့ဖန်ဟိမ်းနဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးတို့ မနေ့ညက ယှဉ်ပြိုင်ရာ လီဗာပူးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လီဗာပူးဟာ ဒီပွဲမှာ အသင်းပြောင်းမယ်လို့ သတင်းတွေထွက်နေတဲ့ အဓိက ကစားသမား ကော်တင်ဟို မပါဝင်ဘဲ ကျန် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့တာပါ။ ပွဲချိန် ၁၀ မိနစ်မှာ ဟော့ဖန်ဟိမ်းအသင်း ပယ်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် လီဗာပူး ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် အဖွင့်ဂိုးကို ပွဲချိန် ၃၅ မိနစ်မှာ နောက်ခံလူ အလက်ဇန်းဒါး အာနိုးက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်း ရယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ လီဗာပူးက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဟော့ဖန်ဟိမ်းကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ အိမ်ရှင်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ လီဗာပူးက အနည်းငယ် အသာစီးရခဲ့ပါတယ်။ ပွဲချိန် ၇၄ မိနစ်မှာ ဟော့ဖန်ဟိမ်း ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းမိလို့ လီဗာပူး ၂ ဂိုးအသာနဲ့ ဦးဆောင်ထားနိုင်ပေမယ့် ၈၇ မိနစ်မှာ ဟော့ဖန်ဟိမ်းက တဂိုး ပြန်ချေပခဲ့လို့ ပွဲအပြီးမှာ လီဗာပူးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီနှစ်သင်း ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် သြဂုတ် ၂၃ ရက်ည လီဗာပူးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up