ချန်ပီယံလိဂ်ဝင်ခွင့်

April 3, 2019

ချန်ပီယံလိဂ်ဝင်ခွင့်ရရန် လက်ကျန်ပွဲများတွင် ရှုံး၍မရဟု မန်ယူနည်းပြ ပြော

ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက် နောက်ထပ် ရှုံးပွဲတွေ့လို့ မရတော့ဘူးလို့ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဝန်ခံပြောကြားသွားပါတယ်။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အဆင့်သုံးနေရာအထိ ရပ်တည်နိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။ မန်ယူအသင်းဟာ ပြိုင်ပွဲပြီးဆုံးဖို့ ၆ ပွဲအလိုမှာ အဆင့်လေးနေရာက စပါးထက် တပွဲပိုကစားပြီး ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။ လက်ကျန် ၇ ပွဲမှာ ၁၅ မှတ်ရမှ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်မယ်လို့ မိမိပြောကြားထားခဲ့ပြီး ဝုဗ်ကို ရှုံးခဲ့တာကြောင့် လက်ကျန် ၆ ပွဲမှာ ၁၅ မှတ်ရဖို့ လိုတယ်လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။ မိမိတို့အသင်းဟာ ကောင်းမွန်တဲ့အသင်းဖြစ်လို့ အသင်းတိုင်းက ခက်ခက်ခဲခဲ ကစားရတာဖြစ်ပြီး အနိုင်ရလဒ်နဲ့လည်း ထိုက်တန်မှုရှိပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ရှုံးပွဲတွေ့ခဲ့ရတာလို့လည်း ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ကျန် ၆ ပွဲမှာ မန်စီးတီး၊ ချဲလ်ဆီး အသင်းတွေနဲ့လည်း ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
2 years Ago
Up