ဥရောပချန်ပီယံလိဂ် အုပ်စု ဘီ အဖွင့်ပွဲစဉ်တွေကို မနေ့ညက ယှဉ်ပြိုင်ရာ ဂျာမနီထိပ်သီး ဘိုင်ယန်နဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီတို့ ပြိုင်ဘက်တွေကို ဂိုးပြတ်တွေနဲ့ အသီးသီး အနိုင်ရသွားပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ဘယ်လ်ဂျီယံကလပ် အန်ဒါးလက်ခ်ျတို့ပွဲစဉ်မှာ ဘိုင်ယန်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ အိမ်ကွင်းမှာ အန်ဒါးလက်ခ်ျကို ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်တွေမှာပါ အပြတ် အသာရခဲ့ပါတယ်။
ပွဲချိန် ၁၁ မိနစ်မှာ ပယ်နယ်တီဧရိယာအတွင်း ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို နောက်ကဆွဲခဲ့တဲ့ အန်ဒါးလက်ခ်ျ ကစားသမားတဦး တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ပယ်နယ်တီပါ ပေးခဲ့ပါတယ်။
အဲဒီပယ်နယ်တီကို ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးကပဲ သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာ ဘိုင်ယန်က ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဘိုင်ယန်အတွက် ဒုတိယအနိုင်ဂိုးကို ပွဲချိန် ၆၅ မိနစ်မှာ အယ်လ်ကန်တာရာ၊ တတိယဂိုးကို ပွဲပြီးခါနီးမှာ ကင်မ်မစ်ခ်ျက သွင်းယူပေးခဲ့ပါတယ်။
ဒီအုပ်စုက တခြားပွဲစဉ်မှာတော့ စကော့တလန်ကလပ် ဆဲလ်တစ်ကို ပြင်သစ်ကလပ် ပီအက်စ်ဂျီက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ပီအက်စ်ဂျီဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးကန်သွင်းခွင့်မှာလည်း အသာရခဲ့ပါတယ်။
ပီအက်စ်ဂျီအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၉ မိနစ်မှာ နေမာ၊ ၃၄ မိနစ်မှာ အမ်ဘာပေး၊ မိနစ် ၄၀ နဲ့ ၈၅ မိနစ်တွေမှာ ကာဗာနီနဲ့ ပွဲချိန် ၈၃ မိနစ်မှာ ဆဲလ်တစ်ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းရာက ရရှိခဲ့ပါတယ်။
အုပ်စု ဘီ ပွဲစဉ်တွေအပြီးမှာ ပီအက်စ်ဂျီက အုပ်စု ပထမ၊ ဘိုင်ယန်က အုပ်စု ဒုတိယနဲ့ ဦးဆောင်ထားနိုင်ပါတယ်။
4 years Ago