ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။
ပီအက်စ်ဂျီကွင်းမှာ ကစားတဲ့ ဒီပွဲစဉ်မှာ မန်စီးတီးအသင်းက ပထမပိုင်း ၃၈ မိနစ်မှာ အဖွင့်ဂိုး သွင်းခဲ့ပေမယ့် ၄၁ မိနစ်မှာ ပီအက်စ်ဂျီက ချေပဂိုးပြန်သွင်းတဲ့အတွက် ၁ ဂိုးစီနဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်း ၅၉ မိနစ်မှာ ပီအက်စ်ဂျီအသင်းက ဒုတိယဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပေမယ့် ၇၂ မိနစ်မှာ မန်စီးတီးအသင်းက ချေပဂိုး ပြန်သွင်းတဲ့အတွက် ၂ ဂိုး စီ သရေကျသွားတာ ဖြစ်ပါတယ်။
ကာတာနဲ့ ယူအေအီးက သူဋ္ဌေးတွေပိုင်တဲ့ ဒီအသင်း ၂ သင်းဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ပေါင်သန်း ၈၀၀ သုံးပြီး အသင်းကို တည်ဆောက်ခဲ့ပေမယ့် ထင်မှတ်ထားသလောက် ဖြစ်မလာဘူးလို့ ဘောလုံးပွဲသုံးသပ်သူတွေက ဆိုပါတယ်။
မန်စီးတီးနည်းပြကတော့ ပထမဂိုးအတွက် အမှားတွေ အများကြီး ကျူးလွန်ခဲ့သလို ဒုတိယဂိုးကတော့ လူကျွံနေတယ်လို့ ပြောပါတယ်။
ဧပြီ ၁၂ ရက်မှာတော့ ဒုတိယအကျော့ကို မန်စီးတီးရဲ့ အီတီဟတ်မှာ ကစားရမှာ ဖြစ်ပါတယ်။
5 years Ago