ချန်ပီယံလိဂ်ပွဲစဉ် ချဲလ်ဆီး ၆ - ၀ ကာရာဘတ်၊ ဘာစီလိုနာ ၃ - ၀ ဂျူဗင်တပ်

September 13, 2017

ချန်ပီယံလိဂ်ပွဲစဉ် ချဲလ်ဆီး ၆ - ၀ ကာရာဘတ်၊ ဘာစီလိုနာ ၃ - ၀ ဂျူဗင်တပ် (ရုပ်သံ)

ချန်ပီယံလိဂ် အုပ်စု စီ အဖွင့်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနဲ့ အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်တို့ မနေ့ကယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၆ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီပွဲမှာ တိုက်စစ်မှူး မိုရာတာကို အနားပေးခဲ့ပြီး ဘတ်ရှူးအာယီကို အထောင်ထားကာ ဘယ်ညာ အစွန်တွေမှာ ပက်ဒရို၊ ဝီလျံတို့နဲ့ တွဲထုတ်ခဲ့သလို ကွင်းလယ်မှာတော့ ဖာဘရီဂတ်စ်နဲ့ ကန်တီတို့ကို အထိုင်ချခဲ့ပါတယ်။ နောက်တန်းမှာလည်း အပြောင်းအလဲတွေလုပ်ခဲ့ပြီး အပြောင်းအရွှေ့ကာလ ပိတ်သိမ်းခါနီး တိုရီနိုကနေ ခေါ်ယူခဲ့တဲ့ ဇပ်ပါကော်စတာကို ပွဲထွက် အသုံးပြုခဲ့ပါတယ်။ ပွဲအစ ၅ မိနစ်မှာပဲ ပက်ဒရိုက ချဲလ်ဆီးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ပွဲချိန် မိနစ် ၃၀ မှာ ဇပ်ပါကော်စတာက ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ချဲလ်ဆီးက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကာရာဘတ်ကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက် နောက်ထပ်ဂိုးတွေကိုတော့ ပွဲချိန် ၅၅ မိနစ်မှာ အက်ဇ်ပီလီကျူတာ၊ ၇၁ မိနစ်မှာ လူစားဝင်ကစားသမား ဘာကာယိုကို၊ ၇၆ မိနစ်မှာ ဘတ်ရှူးအာယီနဲ့ ၈၂ မိနစ်မှာ ကာရာဘတ် ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းမိရာက ရရှိခဲ့ပါတယ်။ ဒီအုပ်စုကပဲ တခြားပွဲစဉ်ဖြစ်တဲ့ ရိုးမားနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ ပွဲမှာတော့ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ သရေကျသွားခဲ့ပါတယ်။
မနေ့ညကပဲယှဉ်ပြိုင်တဲ့ အုပ်စု ဒီက နာမည်ကြီး ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ ပွဲစဉ်မှာတော့ ဘာစီလိုနာက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ်ကို ရှုံးပြီး ထွက်ခဲ့ရတဲ့ ဘာစီလိုနာအတွက်တော့ အကောင်းဆုံး ရှုံးကြွေးပြန်ဆပ်နိုင်တာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒီရာသီ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး ဒမ်ဘီလီကို မက်ဆီ၊ ဆွာရက်ဇ်တို့အတူ ပွဲထုတ်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်ခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းမှာတော့ ဂျူဗင်တပ်က အနည်းငယ် အသာရခဲ့ပါတယ်။ ဘာစီလိုနာအတွက် မက်ဆီက ၂ ဂိုး၊ ရာကီတစ်က ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အုပ်စု ဒီ က ဂရိကလပ် အိုလံပီယာကော့စ်နဲ့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းတို့ ပွဲစဉ်မှာတော့ ပေါ်တူဂီကလပ်က ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု ဒီ အဖွင့်ပွဲစဉ်တွေ အပြီးမှာ ဘာစီလိုနာက အုပ်စု ပထမ နေရာကနေ ဦးဆောင်နေပြီး စပို့တင်းလစ္စဘွန်းက ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
4 years Ago
Up