ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီက ဘိုင်ယန်ကို ၃ ဂိုးပြတ်ဖြင့် အနိုင်ယူ

September 28, 2017

ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီက ဘိုင်ယန်ကို ၃ ဂိုးပြတ်ဖြင့် အနိုင်ယူ (ရုပ်သံ)

ချန်ပီယံလိဂ် အုပ်စု ဘီ ဒုတိယပွဲစဉ်အဖြစ် မနေ့ညက ယှဉ်ပြိုင်တဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်တို့ ပွဲစဉ်မှာ ပီအက်စ်ဂျီက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပြင်သစ်မြေမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ အိမ်ရှင်အသင်းဟာ နေမာ၊ ကာဗာနီ၊ အမ်ဘတ်ပီ တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ အာဂျန်ရော်ဘင်နဲ့ ရစ်ဘာရီတို့ကို အနားပေးခဲ့ပြီး တိုက်စစ်မှာတော့ လီဝန်ဒေါစကီးနဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကို အသုံးပြုခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာ ဒန်နီအဲလ်ဗက်စ်က ပီအက်စ်ဂျီက အဖွင့်ဂိုးသွင်းယူပေးခဲ့သလို ၃၁ မိနစ်မှာ တိုက်စစ်မှူး ကာဗာနီက ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာ ပီအက်စ်ဂျီက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အသာစီးရခဲ့ပြီး တိုက်စစ်မှူးတွေ လွဲချော်တာ၊ ပီအက်စ်ဂျီ နောက်တန်းနဲ့ ဂိုးသမား ကာကွယ်နိုင်တာတွေကြောင့် လိုအပ်တဲ့အနိုင်ဂိုး မရခဲ့တာပါ။ ပီအက်စ်ဂျီအတွက် တတိယဂိုးကိုတော့ ပွဲချိန် ၆၃ မိနစ်မှာ တိုက်စစ်မှူး နေမာက အနီးကပ် ပိတ်သွင်းပြီး ရယူပေးခဲ့ပါတယ်။ အုပ်စု ဘီ တခြားပွဲစဉ်မှာတော့ စကော့တလန်ကလပ် ဆဲလ်တစ်က ဘယ်လ်ဂျီယံကလပ် အန်းဒါးလက်ခ်ျကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီအုပ်စုမှာ ပီအက်စ်ဂျီက အုပ်စုအဖွင့် နှစ်ပွဲစလုံး အနိုင်ရပြီး ရမှတ် ၆ မှတ်နဲ့ ထိပ်က ဦးဆောင်နေပြီး ဘိုင်ယန်နဲ့ ဆဲလ်တစ်က ရမှတ် ၃ မှတ်စီ တူညီပေမယ့် ဂိုးကွာခြားချက်အရ ဘိုင်ယန်က အုပ်စု ဒုတိယ၊ ဆဲလ်တစ်က တတိယနေရာမှာ ရပ်တည်နေပါတယ်။ အန်းဒါးလက်ချက်ကတော့ အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ ရှိနေပါတယ်။
4 years Ago
Up