ချန်ပီယံမဖြစ်၍ မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် ပရိသတ်ကို တောင်းပန်

A d v e r t i s e m e n t With Us

August 5, 2016

ချန်ပီယံမဖြစ်၍ မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် ပရိသတ်ကို တောင်းပန်

အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့လို့ တောင်းပန်လိုတယ်လို့ မြန်မာအသင်းခေါင်းဆောင်က ပြောပါတယ်။ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် ကစားခဲ့ပေမယ့် မျှော်လင့်ထားသလို ချန်ပီယံမဖြစ်ခဲ့လို့ ပရိသတ်တွေကို တောင်းပန်တယ်လို့ မြန်မာအသင်းခေါင်းဆောင် ခင်မာလာထွန်းက ပြောကြားလိုက်တာပါ။ "ဒီပြိုင်ပွဲ စပြိုင်ကတည်းက အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တယ်။ သြစတြေးလျတို့ ဗီယက်နမ်တို့ ပွဲတွေမှာ တဖြည်းဖြည်းနဲ့ ကစားပုံကောင်းအောင် ကစားနိုင်ခဲ့တယ်။ ဆီမီးဖိုင်နယ်မှာလည်း ပထမပိုင်းမှာ အကောင်းဆုံး မကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားပြီး အနိုင်ရခဲ့တဲ့အထိ ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် မျှော်မှန်းသလို ဖြစ်မလာခဲ့ဘူး။ ကျနော်ကိုယ်တိုင်လည်း ပင်နယ်တီလွဲခဲ့တယ်။ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းမပေးနိုင်ခဲ့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်ပါတယ်။" ချန်ပီယံဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် ပင်နယ်တီမှာ ကံမကောင်းခဲ့လို့ စိတ်မကောင်းဖြစ်မိတယ်လို့လည်း မြန်မာကစားသမားတဦးဖြစ်တဲ့ ၀င်းသိင်္ဂီထွန်းက ပြောပါတယ်။ "ကျနော်တို့ကတော့ ချန်ပီယံရအောင် ကြိုးစားခဲ့တာပဲ။ ပွဲချိန်အတွင်းမှာ မရှုံးအောင် ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် ပယ်နယ်တီကန်တဲ့ အချိန်မှာလည်း တကယ်စိတ်ထည့်ပြီး ကန်ခဲ့တာပဲ။ သေသေချာချာကံခဲ့တယ်။ ကံတရားကြောင့် အနိုင်မရခဲ့ဘူး။ ပယ်နယ်တီမှာ ရှုံးခဲ့လို့ ကျနော်တို့အားလုံး တကယ်စိတ်မကောင်းဘူး။ ပရိသတ်တွေအတွက်လည်း စိတ်မကောင်းဘူး။ ကျနော်တို့တသင်းလုံးအတွက်လည်း စိတ်မကောင်းဘူး။ အမြဲတမ်း ပြန်တွေးတိုင်း အရမ်းခံစားနေရတယ်။ ကျနော်တို့က ဗိုလ်လုပွဲပဲ ကန်ချင်ခဲ့တာပါ။ ပရိသတ်တွေကို တောင်းပန်ပါတယ်။" အသင်းနည်းပြ ရော်ဂျာရိုင်နာကတော့ ချန်ပီယံမဖြစ်ခဲ့ပေမယ့် အသင်းမှာ ထူးချွန်တဲ့ ကစားသမားကောင်းတွေရှိလို့ အနာဂတ်မှာ ပိုမိုးတိုးတက်လာလိမ့်မယ်လို့ ပြောပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ချန်ပီယံမဖြစ်ခဲ့ပေမယ့် တတိယလုပွဲမှာတော့ သြစတြေးလျ ယူ ၂၀ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ နည်းပြ ရော်ဂျာရိုင်နာကို သက်တမ်းတိုးဖို့ စီစဉ်နေပြီး လာမယ့် မလေးရှားဆီးဂိမ်းအထိ တာဝန်ပေးဖို့ ရှိပါတယ်။ သတင်း - လွှမ်းမိုးအောင်
5 years Ago
Up