ချန်ပီယံဆုရယူရန်

May 21, 2017

ချန်ပီယံဆုရယူရန် ကိုယ့်အပေါ်မူတည်ဟု ရီးရဲလ်နည်းပြပြော

စပိန်လာလီဂါ ချန်ပီယံဆုကို ရယူဖို့အတွက် ကိုယ့်အပေါ်မှာပဲ မူတည်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်းက ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်အသင်းဟာ ဒီကနေ့ည မာလာဂါနဲ့ ပွဲစဉ်မှာ မရှုံးဘဲ သရေကျရုံနဲ့ လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ် အမှတ်ပေးဇယားမှာ ရီးရဲလ် အမှတ် ၉၀ နဲ့ ဒုတိယနေရာက ပြိုင်ဖက် ဘာစီလိုနာအသင်းကို ၃ မှတ် ဖြတ်ထားပါတယ်။ နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ လာလီဂါ ချန်ပီယံဆုကို ရယူနိုင်ဖို့ ၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာပါ။ နည်းပြကတော့ မာလာဂါနဲ့ ပွဲစဉ်အတွက် အာရုံစိုက်ထားပြီး အဲဒီပွဲစဉ်ဟာ ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အီတလီကလပ် ဂျုဗင်တပ်အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်လို့ ဖလား နောက်တလုံး ရဖို့ နီးစပ်နေပါတယ်။
4 years Ago
Up