ချန်ပီယံဆု

April 21, 2019

ဂျုဗင်တပ်အသင်း အီတလီစီးရီးအေ ချန်ပီယံဆုကို ၈ နှစ်ဆက် ဆွတ်ခူး

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အီတလီစီးရီးအေ ပွဲစဉ်မှာ ဂျုဗင်တပ်က ဖီအိုရင်တီးနားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး စီးရီးအေ ချန်ပီယံဆုကို ၈ နှစ်ဆက်တိုက် ဆွတ်ခူးသွားပါတယ်။ ဒီပွဲမှာ ဖီအိုရင်တီးနားက ဦးဆောင်ဂိုးကို ပွဲအစ ၆ မိနစ်မှာ သွင်းယူခဲ့ပြီး ဂျုဗင်တပ်အသင်း နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ဂျုဗီအတွက် ချေပဂိုးကို ၃၇ မိနစ်မှာ ဆေးဗား၊ အနိုင်ဂိုးကို ၅၃ မိနစ်မှာ တဖက်ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းရာကနေ ရသွားတာပါ။ ပွဲအပြီးမှာ တိုက်စစ်မှူး ရော်နယ်ဒိုက ပထမရာသီမှာပဲ ဂျုဗင်တပ်နဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်လို့ အရမ်းပျော်ရွှင်ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဂျုဗင်တပ်အသင်းမှာပဲ သေချာပေါက် ဆက်နေသွားမယ်လို့ ဆိုထားပါတယ်။ ဂျုဗင်တပ်ဟာ ၃၃ ပွဲ ကစားပြီးမှာ ၈၇ မှတ် ရပြီး ဒုတိယနေရာက နာပိုလီကို အမှတ် ၂၀ ဖြတ်ပြီး ချန်ပီယံ ဖြစ်သွားတာပါ။ အခုရတဲ့ စီးရီးအေ ချန်ပီယံဆုဟာ ဂျုဗင်တပ်အတွက် သမိုင်းတလျှောက် ၃၅ ကြိမ်မြောက်ရတဲ့ ဆုလည်း ဖြစ်ပါတယ်။
3 years Ago

December 27, 2018

ပရီးမီးယားလိဂ်ချန်ပီယံဆုယူပြီး သမိုင်းသစ်ရေးထိုးလိုဟု လီဗာပူးနည်းပြပြော

ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရယူပြီး သမိုင်သစ်ရေးထိုးသွားချင်တယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၁၉ ပွဲကစားအပြီးမှာ ဒုတိယ နေရာက စပါးအသင်းကို ၆ မှတ်ဖြတ်ပြီး ဦးဆောင်နေတာပါ။ ရှုံးပွဲမရှိရလဒ်နဲ့ ချန်ပီယံဆုရယူပြီး သမိုင်းသစ်ရေးထိုးချင်ပေမယ့် နောက်ထပ် ၁၉ ပွဲထပ်ကစားဖို့ ကျန်ရှိနေသေးလို့ အာရုံစိုက်ကစားဖို့ လိုသေးတယ်လို့ ကလော့က ဆိုပါတယ်။ နောက်ထပ်ပွဲစဉ်တွေမှာ အာဆင်နယ်၊ မန်စီးတီး၊ စပါးအသင်းတို့လို ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်ရဦးမှာဖြစ်လို့ ခက်ခဲတဲ့ ခရီးရှည်တခုကို ဖြတ်သန်းနိုင်ဖို့ လိုသေးတယ်လို့ နည်းပြဂျာဂန်ကလော့ကပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အင်္ဂလန်လိဂ်ပထမတန်းချန်ပီယံ ၁၈ ကြိမ်အထိ ရယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်လို့ အမည်ပြောင်းခဲ့တဲ့ ၁၉၉၂ နောက်ပိုင်းမှာတော့ လိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေတာဖြစ်ပါတယ်။
3 years Ago

ချန်ပီယံဆု စိန်ခေါ်နိုင်ရေး နိုင်ပွဲပြန်ယူကြရန် မန်စီးတီးကစားသမားများကို နည်းပြတိုက်တွန်း

ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ဆိုရင် နိုင်ပွဲတွေ ပြန်ယူကြဖို့ လိုတယ်လို့ မန်စီးတီးကစာသမားတွေကို နည်းပြ ဂွါဒီယိုလာက တိုက်တွန်းလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၇ မှတ်အထိ ကွာဟနေတာပါ။ ကစာသမားတွေဆီက အကောင်းဆုံးခြေစွမ်းတွေ ပြန်ရလာဖို့ ကူညီသွားမှာဖြစ်ပြီး အပြောင်းအလဲတွေ လုပ်ဆောင်သွားမယ်လို့လည်း ဂွါဒီယိုလာကပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ အကောင်းဆုံးခြေစွမ်းတွေ ရှိခဲ့ပေမယ့် ရှုံးပွဲ ၂ ပွဲတွေ့ခဲ့တာက အမှန်တရားဖြစ်ပြီး မိမိတို့ထက် ကောင်းမွန်တဲ့ အသင်း နှစ်သင်း ရှိနေပြီလို့လည်း ဂွါဒီယိုလာက ဆိုပါတယ်။ ချန်ပီယံအတွက် နိုင်ပွဲမဖြစ်မနေ ပြန်ယူကြဖို့လိုပြီး အဲဒီလိုမလုပ်နိုင်ရင်တော့ ဆုဖလားရဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့် ဒီဇင်ဘာ ၃ဝ ရက်မှာ ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်း သွားရောက်ကစားရမှာဖြစ်ပါတယ်။
3 years Ago
Up