ချဒ်သမ္မတဟောင်း

A d v e r t i s e m e n t With Us

May 31, 2016

ချဒ်နိုင်ငံ အာဏာရှင် သမ္မတဟောင်းကို ထောင်ဒဏ် တသက်တကျွန်းချမှတ်

အာဖရိကအလယ်ပိုင်း နိုင်ငံတခုဖြစ်တဲ့ ချဒ်နိုင်ငံရဲ့ အာဏာရှင် သမ္မတဟောင်းကို လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မေလ ၃၀ ရက်နေ့က ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ ချဒ်အာဏာရှင် အီဆန်း အာဗဟေ (Hissene Habre) တာဝန်ယူခဲ့တဲ့ ၁၉၈၂ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အတွင်း မုဒိမ်းမှု၊ လိင်ကျွန်အဖြစ်ခိုင်းစေမှု၊ လူအများအပြား သတ်ဖြတ်ခံရမှုမှာ အမိန့်ပေးစေခိုင်းခဲ့မှု စွဲချက်တွေနဲ့ ဆီနီဂေါနိုင်ငံမှာ ရုံးတင် စစ်ဆေးခံရတာပါ။ လူ့အခွင့်အရေးချိုးဖောက်သူ အာဏာရှင်ဟောင်းတဦးကို အာဖရိကသမဂ္ဂ အဖွဲ့ကြီး နောက်ခံတဲ့ တရားရုံးတခုမှာ အခုလို အပြစ်ဒဏ်ချမှတ်တာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။ အာဏာရှင်ဟောင်း အီဆန်းဟာ အာဖရိကတိုက်ရဲ့ အာဏာရှင် ပီနိုချေးလို့ သတ်မှတ်ခံရပြီး သူ့လက်ထက်အတွင်း လူ ၄ သောင်းနီးပါး သူ့အမိန့်နဲ့ သတ်ဖြတ်ခံရတယ်လို့ စွပ်စွဲခံရပါတယ်။ သူကတော့ သူ့အပေါ် စွဲချက်တွေ အားလုံးကို ငြင်းဆန်ပြီး တရားရုံးထဲမှာလည်း စုံစမ်းစစ်ဆေးမှုတွေကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၀၅ ခုနှစ်က သူ့ကိုဖမ်းဆီးဖို့ ဘယ်ဂျီယံ တရားရုံးတရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပေမယ့် အဲ့ဒီအချိန်က သူခိုလှုံနေတဲ့ ဆီနီဂေါနိုင်ငံက အာဖရိကသမဂ္ဂအဖွဲ့ကိုပဲ လွှဲပြောင်းပေးခဲ့တာပါ။ ဒါကြောင့် ၂၀၁၃ ခုနှစ်က ဆီနီဂေါနိုင်ငံမှာ ဖမ်းဆီးပြီး ရုံးတင်ခံခဲ့ရတာပါ။ သူ့နိုင်ငံရင်းဖြစ်တဲ့ ချဒ်နိုင်ငံကတော့ သူ လူသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ ၂၀၁၃ ခုနှစ်မှာပဲ မျက်ကွယ် သေဒဏ်ချမှတ်ခဲ့ပါတယ်။ အီဆန်းကြောင့် သေကျေထိခိုက်ခဲ့ကြတဲ့ မိသားဝင်တွေကတော့ သူ ဖြုတ်ချခံရပြီး ၂၅ နှစ်အကြာမှာ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထောင်ဒဏ်တသက် ချမှတ်နိုင်ခဲ့တဲ့အပေါ် အားရ၀မ်းသာ ဖြစ်ခဲ့ကြပါတယ်။
5 years Ago
Up