ချစ်သူနှင့်မိသားစု

January 27, 2019

ရုပ်ရှင်ဆန်ဆန် ကိုမာဖြစ်ပြီး ပြန်သတိရလာချိန် ချစ်သူနှင့်မိသားစုကို မမှတ်မိတော့သူ (ရုပ်သံ)

ယာဉ်တိုက်မှုတခုကြောင့် မှတ်ဉာဏ်တွေပျောက်ဆုံးပြီး မနက်အိပ်ရာထတိုင်း အရင်နေ့က ဘာဖြစ်ခဲ့တယ်ဆိုတာကို လုံးဝမမှတ်မိတော့တဲ့ မိန်းကလေးတဦးနဲ့ သူ့ကောင်လေးတို့ အကြောင်းကိုရိုက်ကူးထားတဲ့ “50 First Dates” ဆိုတဲ့ ရုပ်ရှင်ကားထဲက လိုပုံစံမျိုး ဂျပန်နိုင်ငံက စုံတွဲတခုမှာ ကြုံတွေ့နေရတယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားမှာ အဒမ်ဆန်ဒလာနဲ့ ဒရူးဘယ်ရီမိုးတို့က ပါဝင်သရုပ်ဆောင်ထားပြီး အပြင်လောကမှာ ကြုံတွေ့နေရသူတွေကတော့ မာရုယာမာလို့ခေါ်တဲ့ အသက် ၂၄ နှစ်အရွယ်အမျိုးသမီးနဲ့ လီဟွာယာလို့ခေါ်တဲ့ သူတို့သားလောင်းတို့ပဲဖြစ်ပါတယ်။ သူတို့စုံတွဲဟာ ပြီးခဲ့တဲ့ ၂ နှစ်ခွဲကတည်းက စတင်တွဲခဲ့ကြတာဖြစ်ပြီး လက်ထပ်ဖို့တောင် ပြင်ဆင်ခဲ့ပြီးကြပါပြီ။ ဒါပေမယ့် သူတို့ရဲ့ အချစ်ရေးအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတခုက လွန်ခဲ့တဲ့ ကိုးလက ဖြစ်ပွားခဲ့ပါတယ်။ စက်ဘီးစီးလာတဲ့ မာရုယာမာကို ကားတစီးက ဝင်တိုက်ခဲ့ပြီး ဒီယာဉ်တိုက်မှုကြောင့် သူမဟာ ကိုမာဖြစ်ခဲ့ရပါတယ်။ ပြန်လည်သတိရလာချိန်မှာတော့ မာရုယာမာတယောက်ဟာ သူ့ဘဝမှာဖြစ်ခဲ့တာတွေ အကုန်လုံးနဲ့ သူ့မိဘ၊ သူ့ရည်းစားတို့ အပါအဝင် သူ့ပတ်ဝန်းကျင်က လူတွေအားလုံးကိုပါ မမှတ်မိတော့ပါဘူး။ ဒီအချိန်ကာလတွင်းမှာ မာရုယာမာရဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကအကုန်လုံး ပြန်လည်သက်သာသွားခဲ့ပေမယ့် သူမရဲ့ မှတ်ဉာဏ်ကတော့လုံးဝ တိုးတက်လာခဲ့ခြင်းမရှိပါဘူး။ ဒီဖြစ်ရပ်တွေက သူတို့စုံတွဲရဲ့ စီစဉ်ထားတဲ့ မင်္ဂလာဆောင်အခမ်းအနားကို ဖျက် သိမ်းစေခဲ့ရပေမယ့် လီဟွာယာရဲ့ မာရုယာမာအပေါ်ထားတဲ့ မေတ္တာကိုတော့ မဖျက်ဆီးနိုင်ခဲ့ပါဘူး။ လီဟွာယာဟာ သူ့ကောင်မလေးဘေးနေမှာ အမြဲရှိနေပေးခဲ့ပြီး သူမတနေ့ပြန်လည် မှတ်မိလာလိမ့်နိုးဆိုတဲ့ မျှော်လင့်ချက်နဲ့ အထူးပြုစုဂရုစိုက်ခဲ့ပါတယ်။ ဒါပေမယ့် မာရုယာမာရဲ့ အခြေအနေက တိုးတက်မလာခဲ့ဘဲ တနေ့တခြား ပိုပိုဆိုးရွားလာခဲ့ပါတယ်။ ယာဉ်တိုက်မှုအပြီး နှစ်လအကြာမှာ မာရုယာမာဟာ သူမဘဝ မှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေအားလုံးကို မမှတ်မိတော့ဘဲ “ First Dates” ဇာတ်ကားထဲက ဒရူးဘယ်ရီမိုးအတိုင်း မနက်လင်းတာနဲ့ အရင်နေ့က ဖြစ်ခဲ့တာတွေအားလုံးကို မမှတ်တော့ပါဘူး။ နေ့ရက်တိုင်းမှာ မာရုယာမာဟာ ဦးနှောက်ထဲမှာ မှတ်ဉာဏ်ဗလာနဲ့ နိုးထလာခဲ့ပြီး သူ့ပတ်ဝန်းကျင်ကလူတွေက သူ့ကိုပြန်လည် မိတ်ဆက်ပေးရပါတယ်။ လီဟွာယာလည်း ဒီအတိုင်းပဲဖြစ်ပြီး နေ့တိုင်းနေ့တိုင်းမှာ သူဟာ သူမရဲ့ချစ်သူဖြစ် ကြောင်းကို မာရုယာမာကို ပြန်လည်မိတ်ဆက်ပေးရပါတယ်။ သူမရဲ့မှတ်ဉာဏ်အခြေအနေကြောင့် မာရုယာမာက သူတို့ရဲ့ဇာတ်လမ်းကို အဆုံးသတ်ဖို့ ပြောခဲ့ပေမယ့်လည်း လီဟွာယီက လက်မခံဘဲ သူမရဲ့အနားမှာ ဆက်နေမယ်လို့သာ ပြောခဲ့ပါတယ်။ မာရုယာမာရဲ့ အခြေအနေဟာ တနေ့တခြား ပိုမိုဆိုးရွားလာတာကြောင့် ဆရာဝန်တွေက သူမကို နေ့စဉ်လုပ်ဆောင်ချက်တိုင်းကို ဒိုင်ယာရီရေးသားဖို့ အကြံပြုခဲ့ပြီး မနက်မိုးလင်းတိုင်း အရင်နေ့က ဒိုင်ယာရီကို ပြန်ဖတ်ကာ သူမရဲ့အခြေအနေအမှန်ကို သဘောပေါက်စေဖို့ ကူညီပေးခဲ့ပါတယ်။ ဒီနည်းလမ်းက မာရုယာမာအတွက် အမှန်တကယ် အထောက်အကူဖြစ်စေခဲ့ပြီး နောက်ပိုင်းမှာ သူမဟာ မိဘတွေနဲ့ သူ့ရည်းစားဖြစ်သူတို့ကို အလွယ်တကူ ပြန်လည်မှတ်မိလာစေခဲ့ပါတယ်။ တနေ့မှာတော့ မာရုယာမာဟာ သူ့ကိုစွန့်ပစ်မသွားတဲ့ သူ့ချစ်သူရဲ့လုပ်ဆောင်ချက်တွေကို အမှန်တကယ်သိရှိနားလည်ခဲ့ပြီး “တချိန်ချိန် လီဟွာယာ အပါအဝင် အရာအားလုံးကို မမှတ်မိတော့ရင်တောင် သူ့အနားမှာ ဆက်ရှိနေချင်သေလား” လို့မေးခဲ့ပါတယ်။ ဒီမေးခွန်းကို သူတို့သားလောင်းက “ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူ့အနားမှာ အမြဲတမ်း ရှိနေပေးပါ့မယ်” လို့ ချက်ချင်းပြန်လည်တုံ့ပြန်ခဲ့ကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။ “50 First Dates” ဇာတ်ကားဟာ ရုပ်ရှင်လောရဲ့ အကောင်းဆုံး ရိုမန်တစ် ဇာတ်ကားတွေထဲက တခုအဖြစ်အားလုံးက သတ်မှတ်ကြသလို မာရုယာမာတို့ရဲ့ အခြေအနေကို လည်း စိတ်ထိခိုက်စရာ အကောင်းဆုံး အချစ်ဇာတ်လမ်းအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အခြေအနေကို ဂျပန်ရုပ်သံလိုင်းတခုက မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ဂျပန်တနိုင်ငံသား သန်းပေါင်းများစွာရဲ့ စိတ်ကို ထိခိုက်နာကျင် စေခဲ့ပါတယ်။ “ကျမရဲ့ မှတ်ဉာဏ်အခြေအနေက သူ့ကိုခဏခဏ ချစ်မိသွားဖို့ အခွင့်အရေးကို ဖြစ်စေပါ တယ်။ ကျမမှတ်ဉာဏ်ဘယ်နှကြိမ်ပဲ ပျောက်ပျောက် ကျမသူ့ကို အမြဲတမ်း ချစ်မိနေလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ မာရုယာမာက ရုပ်သံအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
2 years Ago
Up