ချစ်သူ၏ပိတ်လှောင်နှိပ်စက်ခံရ

May 31, 2018

၂၁ နာရီကြာ ချစ်သူ၏ပိတ်လှောင်နှိပ်စက်ခံရသည့် မော်ဒယ် အသက်ဘေးမှ လွတ်မြောက်

ချစ်သူရည်းစားဖြစ်သူက ရိုက်နှက်နှိပ်စက်လို့ မော်ဒယ်တဦး မျက်လုံးကွယ်ခဲ့ရပြီး နှိပ်စက်ခံရတဲ့ ပုံတွေကို သူငယ်ချင်းဖြစ်သူထံ ပေးပို့နိုင်ခဲ့လို့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ပိုလန်မော်ဒယ် မာသာဒိုလက်ကို လန်ဒန်တောင်ပိုင်း တူတင်းခရိုင်က တိုက်ခန်းမှာ ချစ်သူဖြစ်သူက ၂၁ နာရီကြာ ဖမ်းချုပ်ထားပြီး နှိပ်စက်ခဲ့တာပါ။ ဒါပေမယ့် သူမရဲ့ ပြင်းထန်ဆိုးရွားတဲ့ ဒဏ်ရာတွေကို တိတ်တဆိတ် ဓာတ်ပုံရိုက်ခဲ့ပြီး သူငယ်ချင်းတယောက်ဆီပို့ခဲ့ရာကနေ သူငယ်ချင်းဖြစ်သူက ဒီကိစ္စကို လူသိရှင်ကြားဖြစ်အောင် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမနဲ့ သူမရဲ့ချစ်သူ ဂွတ်ဝင်းတို့က ၁၈ လကြာ အတူနေခဲ့ပြီး သူ့ရဲ့ နှိပ်စက်တဲ့ ဒဏ်တွေကို သူမ သည်းမခံနိုင်တော့ဘူးလို့ ဆိုပါတယ်။ အဲဒီနောက် သူမရဲ့ သူငယ်ချင်းဖြစ်သူက အဆက်ဖြတ်ဖို့ တယ်လီဖုန်း မက်ဆေ့ခ်ျ တစောင် ပေးပို့တာကို ဂွတ်ဝင်းက တွေ့ရှိသွားပြီးနောက် တိုက်ခန်းထဲမှာ သော့ခတ်ထားခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာလို့ ဆိုပါတယ်။ “ကျမ ပြတင်းပေါက်နားသွားပြီး ခုန်ဆင်းဖို့ စဉ်းစားသေးတယ်။ ဒါပေမယ့် ရုတ်တရက် မခံမရပ်နိုင် နာကျင်လာပြီး ကျမ ဘာမှ မမှတ်မိတော့ဘူး။ ကျမသာ နောက်ထပ်ကြာကြာ ဆေးကုခွင့်မရရင် သေသွားလောက်တယ်” လို့ သည်ဆန်းသတင်းစာကြီးကို ပြောပါတယ်။ မာသာမှာ မျက်နှာနဲ့ ဦးခေါင်းခွံကွဲတဲ့ ဒဏ်ရာတွေရကာ ဦးနှောက်သွေးယိုပြီး သူမရဲ့ မျက်စိအကြောတွေ ကုသလို့မရဘဲ ပျက်စီးသွားပါတယ်။ သေသွားတော့မလားလို့ ကြောက်လန့်ခဲ့ရတယ်လို့လည်း သူမက ဆိုပါတယ်။ မာသာက အိမ်တွင်းအကြမ်းဖက်မှုကို လူတွေသိစေပြီး ကူညီဖို့ ဒုက္ခခံခဲ့ရတာတွေကို ရဲရဲဝင့်ဝင့် ထုတ်ဖော်ပြောခဲ့ပါတယ်။ သူမရဲ့ချစ်သူ အသက် ၃၀ အရွယ် မိုက်ကယ်ဂွတ်ဝင်းကိုတော့ ထောင်ဒဏ် ၄ နှစ်နဲ့ ၃လ ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
3 years Ago
Up