ချစ်သူများနေ့

February 15, 2019

ချင်းမိုင်ချစ်သူများနေ့ ဆင်ပေါ်လက်ထပ်ပွဲ ကျင်းပ

ဖေဖော်ဝါရီ ၁၄ ရက် ကျရောက်တဲ့ နိုင်ငံတကာချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ်ထဲမှာ ချစ်သူ စုံတွဲပေါင်း ၉ တွဲက ထူးထူးခြားခြား ဆင်ပေါ်မှာ လက်ထပ်ပွဲကျင်းပခဲ့ပါတယ်။ ဟတ်နိထိမဲ့တိုင် (အချစ်ကမဲ့တိုင်မှာ) လို့ အမည်ပေးထားတဲ့ အဆိုပါ လက်ထပ်ပွဲ အခမ်း အနားကို မဲ့တိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မဲ့တိုင်မြို့နယ် ဆင်လုပ်ငန်းရှင်များနဲ့ ထိုင်းနိုင်ငံ ကမ္ဘာ လှည့်ခရီးသွား လုပ်ငန်းဝန်ကြီးဌာန  မဲ့တိုင်မြို့နယ်ရုံးတို့ ပူးပေါင်းပြီး မဲ့တိုင်ဆင်စခန်းမှာ ကျင်းပ ခဲ့တာပါ။ အခမ်းအနားမှာ မြောက်ပိုင်းဒေသ ရိုးရာဓလေ့ အိုးစည်ဗုံးမောင်းတီးကာ ဆင် ၁၁ ကောင်နဲ့ မင်္ဂလာကလပ်စီတန်းလှည့်လည်တာ၊ သတို့သမီးတင်တောင်းတာ၊ ဆင်ပေါ်မှ မင်္ဂလာမောင်မယ်တွေကို လက်ထပ်စာချုပ်ချုပ်ဆိုပေးတာတွေ ပြုလုပ်ပြီး ပလောင်၊ ရှမ်း၊ ကရင်၊ ကယန်း၊ မုန့် စတဲ့ ဒေသခံ တိုင်းရင်းသားလူငယ်တွေက မင်္ဂလာလက်ဖွဲ့ကလပ်တွေ၊ ငှက်ပျောပင်တွေနဲ့ စီရီဝိုင်းရံ လိုက်ပါခဲ့ကြပါတယ်။   အခုလို ချစ်သူများနေ့ ဆင်ပေါ်မှာ လက်ထပ်ပွဲကျင်းပတာဟာ ချင်းမိုင်မှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဆင်ဟာ ထိုင်းနိုင်ငံရဲ့ သင်္ကေတတခုဖြစ်ကြောင်း၊ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ဆင်စခန်းကို လာရောက်လည်ပတ်အောင် ဖိတ်ခေါ်တဲ့အနေနဲ့ရော လန်းနားရိုးရာဓလေ့ထုံးစံ မင်္ဂလာပွဲကိုပါ ရှုစားလေ့လာစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပါ ကျင်းပတာလို့ မဲ့တိုင်မြို့ နယ်အုပ်ချုပ်ရေးမှူး နိုင်းဆိပ်ဖုန်း နိမ့်ဆ၀ဒီက သတင်းထောက်တွေကို ပြောပါတယ်။ မနေ့က ဆင်ပေါ်လက်ထပ်ပွဲမှာ ထိုင်းစုံတွဲ ၅ တွဲ၊ အိုင်ယာလန်နိုင်ငံသား ၁ တွဲ၊ အိန္ဒိယလုပ်ငန်းရှင် ၁ တွဲ၊ အင်္ဂလိပ် နဲ့ ထိုင်းစုံတွဲ ၁ တွဲ၊ ထိုင်း နဲ့ တရုတ်စုံတွဲ ၁ တွဲ စုစုပေါင်း စုံတွဲ ၉ တွဲ လက်ထပ်ခဲ့ကြပါတယ်။ မဲ့တိုင်ဆင်စခန်းမှာ လုပ်ငန်းရှင်အသီးသီးရဲ့ ဆင်ပေါင်း အကောင် ၅၀၀ ကျော်ရှိပြီး နှစ်စဉ် နိုင်ငံခြားသားပေါင်း ၈ သိန်းက ဆင်စခန်းကို လာရောက်လည်ပတ်ခဲ့တယ်လို့ ချင်းမိုင်ကော်မြူနတီသတင်းမှာ ဖော်ပြသွားပါတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆူရင်းခရိုင်မှာတော့ ဆင်ပေါ်လက်ထပ်ပွဲကို နှစ်စဉ်ကျင်း ပလာရာမှာ ၁၂ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး ဒီနှစ်ချစ်သူများနေ့မှာ နိုင်ငံတကာက စုံတွဲပေါင်း ၃၂ တွဲ လာရောက်လက်ထပ်ခဲ့ကြပါတယ်။
3 years Ago

February 14, 2019

ချစ်သူများနေ့တွင် ထိုင်းယာဉ်ထိန်းရဲက ဒဏ်ငွေဖြတ်ပိုင်းအစား နှင်းဆီပန်းများပေးအပ်(ရုပ်သံ)

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ဗာလင်တိုင်းနေ့ ချစ်သူများနေ့မှာ ထိုင်းနိုင်ငံအရှေ့ပိုင်း ဖစ်ခ်ျပူရီ ခရိုင်ရဲတပ်ဖွဲ့က ယာဉ်စည်းကမ်းမဲ့သူတွေကို ဒဏ်ငွေဖြတ်ပိုင်းအစား အနီရောင် နှင်းဆီပန်းတွေ ပေးအပ်ခဲ့ပါတယ်။ ဖစ်ခ်ျပူရီခရိုင် ချအမ်းမြို့ ဖစ်ကဆိမ်လမ်းဆုံကို ရောက်လာတဲ့ ကားတွေ ဆိုင်ကယ်တွေဟာ ယာဉ်စည်းကမ်း ချိုးဖောက်ခဲ့ရင် ခါတိုင်းလို ဒဏ်ငွေပေးဆောင်ရမယ့် ဒီနေ့တော့ လက်မှတ်ဖြတ်ပိုင်းတွေအစား အနီရောင်နှင်းဆီပန်း တပွင့်စီရခဲ့ပြီး ပြစ်ဒဏ်မကြီးရင် သတိပေးချက်နဲ့အတူ ဒဏ်ငွေကင်း လွတ်ခွင့်ပါ ရရှိခဲ့ကြပါတယ်။ အခုလို ဆောင်ရွက်ရတာဟာ ကမ္ဘာ့ချစ်သူများနေ့မှာ ခရီးသွားပြည်သူတွေအပေါ် ယာဉ်ထိန်းရဲက မေတ္တာထားပြီး ယာဉ်အန္တရာယ်ကျရောက်မှာကို စိုးရိမ်ကြောင်း ပြသတဲ့အနေနဲ့ ဆောင်ရွက်ရတာဖြစ်သလို ရဲနဲ့ပြည်သူတွေအကြား ယုံကြည်ရင်းနှီးမှုတည်ဆောက်တာဖြစ်တယ်လို့ ချအမ်းနယ်မြေရဲစခန်းက ဒုရဲမှူးကြီး ၀ရုတ်ကရုန်းကန်ကျနာ့က ပြောပါတယ်။ ချအမ်းနယ်မြေ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ အခုလိုဆောင်ရွက်ချက်ကြောင့် ပြည်သူနဲ့ကမ္ဘာ လှည့်ခရီးသည်တွေကြား အပြန်အလှန်နားလည်မှု၊ အပြုံးနဲ့ ကျေနပ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ထိုင်းပီဘီအက်စ် သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
More News
Up