ချစ်သူမိန်းကလေးနှင့် စကားများပြီး

April 21, 2018

ချစ်သူမိန်းကလေးနှင့် စကားများပြီး ထိုင်းအမျိုးသား ကိုယ့်ကိုယ်ကိုယ်သတ်သေသည့် ရုပ်သံလွှင့်

ထိုင်းနိုင်ငံမှာ အမျိုးသားတဦးဟာ ချစ်သူမိန်းကလေးနဲ့ စကားများပြီး ကားဘောနက်ပေါ် ဖုန်းတင်ကာ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ တိုက်ရိုက်ရုပ်သံလွှင့်ပြီး ဦးခေါင်းကို သေနတ်နဲ့ပစ် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဧပြီ ၁၉ ရက်နေ့ မနက်က ဖြစ်ခဲ့ပါတယ်။ နာဖာတာရက်ကူးလ် ဖာချာယာကန်ဆိုသူ အမျိုးသားကို သူ့ရဲ့ချစ်သူ ကောင်မလေးက သူငယ်ချင်းတွေနဲ့ သောက်စားတာများပြီး အချိန်ဖြုန်းလွန်းတယ်လို့ စွပ်စွဲပြီးတဲ့နောက် အမျိုးသားက ချစ်သူကောင်မလေးနဲ့ စကားများခဲ့ပါတယ်။ အဲဒီနောက် စမွတ်ပရာကန်ခရိုင်အိမ်ကနေ သူမက ထွက်သွားပေမယ့် နာဖာတာကတော့ ဝီစကီဆက်သောက်ကာ ကားရပ်နားတဲ့နေရာဆီသွားပြီး မနက် ၂ နာရီခွဲမှာ ဖေ့စ်ဘွတ်ခ်ကို ဖွင့်ပြီး သုံးစွဲခဲ့တာပါ။ ရုပ်သံမျက်နှာပြင်ထဲ လိမ္မော်ရောင် အလင်းတန်းပေါ်ပြီး အမျိုးသား မြေပြင်ပေါ် လဲမကျခင် အသက် ၃၇ နှစ်အရွယ် အမျိုးသား သေနတ်ကိုင်ပြီး သူ့ဦးခေါင်းကို ချိန်ထားတာ တွေ့ရပါတယ်။ အိမ်နီးနားချင်းတွေ အကြောင်းကြားလို့ ချစ်သူမိန်းကလေးနဲ့ ရဲတွေ ရောက်လာခဲ့ချိန်ထိ ရုပ်သံက လွှင့်နေဆဲဖြစ်ပြီး နွိုင်လို့ခေါ်တဲ့ ချစ်သူမိန်းကလေးကတော့ သူငယ်ချင်းတွေ နှစ်သိမ့်ပေမယ့် အခင်းဖြစ်တဲ့နေရာမှာပဲ မျက်ရည်တွေနဲ့ လဲကျသွားတာ တွေ့ရပါတယ်။ “ဒါက တကယ်မဟုတ်ဘူး။ သူ ဒီလိုလုပ်ခဲ့မယ်လို့ ကျမ မထင်ဘူး။ ကျမ နားမလည်နိုင်ဘူး။ ကျမ အိပ်ဖို့ တခြားတနေရာကို သွားရုံလေးပါ” လို့ နွိုင်က ပြောပါတယ်။ ဘန်ပလီခရိုင်ရဲစခန်းမှ လက်ထောက်ကြီးကြပ်ရေးမှူး ရဲအရာရှိက ကားရပ်နားရာနေရာမှာ သေနတ်ပစ်ခတ်မှုအကြောင်း မနက် ၃ နာရီလောက်မှာ သူ့ကို အကြောင်းကြားခဲ့တယ်လို့ ပြောပြီး  “အခင်းဖြစ်ရာ ကားရပ်နားရာနေရာမှာ နာဖာတာရက်ကူးလ်ရဲ့ အလောင်းကို တွေ့တယ်။ ပွိုင့် ၃၈ သေနတ်ဒဏ်ရာတွေ့ပြီး မျက်နှာမှောက်ရက် အနေအထားနဲ့ ပစ်ကပ်ကားရှေ့မှာ သေဆုံးနေတာ တွေ့တယ်” လို့လည်း ပြောပါတယ်။ နာဖာတာရက်ကူးလ်ဟာ ချစ်သူမိန်းကလေးနဲ့ နေလေ့ရှိပြီး မိသားစုတာဝန်မကျေလို့ မိန်းကလေးနဲ့ စကားများလေ့ရှိတယ်လို့ စုံစမ်းမှုကနေ သိရပါတယ်။ သူဟာ အိမ်နီးချင်းတွေ သူငယ်ချင်းတွေနဲ့ အရက်သောက်လေ့ရှိပြီး သေဆုံးမယ့်နေ့မှာတော့ မိန်းကလေးက အဝတ်အစားတွေ အားလုံးယူပြီး ထွက်သွားတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလကလည်း ဖူးခက်မှာ ဖခင်ဖြစ်သူက သမီးကိုသတ်တဲ့ရုပ်သံ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၂၄ နာရီကျော်ထိ ရှိနေခဲ့လို့ အဲဒီအခင်းဖြစ်မှုကစလို့ ဖေ့စ်ဘွတ်ခ်အနေနဲ့ အကြမ်းဖက်မှုဖြစ်နေတဲ့ ရုပ်သံတွေနဲ့ တခြား ဆိုးရွားတဲ့အရာတွေကို ဘယ်လိုစောင့်ကြည့်နေခဲ့လဲဆိုတာ ပြန်လည်ဆန်းစစ်မှုတွေ လုပ်ဆောင်နေတယ်လို့ မေရာသတင်းမှာ ဧပြီ ၁၉ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up