ချင်းရိုင်

April 4, 2019

ချင်းရိုင်ခရိုင် လေထုအရည်အသွေး ဆိုးရွား၊ အာဆီယံအစည်းအဝေး တက်မည့်သူများအတွက် နှာခေါင်းစည်းစီစဉ်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရဲ့ လေထုအရည်အသွေး ဆိုးရွားနေတဲ့အတွက် အာဆီယံအစည်းအဝေး တက်ရောက်မယ့်သူတွေအတွက် ထိုင်းတာဝန်ရှိသူတွေက နှာခေါင်းစည်းတွေ လောက်ငအောင် စီစဉ်နေပါတယ်။ အာဆီယံ ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်အကြီးအကဲတွေ အစည်းအဝေး လက်ခံကျင်းပမယ့် ချင်းရိုင်ခရိုင်ရဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးနဲ့ မညီဘူးလို့ သတ်မှတ်ထားတဲ့ ၂၄၀ နဲ့ ၂၅၀ အကြား ရှိနေတယ်လို့ အစိုးရ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ အဲဒီအတွက် နှာခေါင်းစည်းတွေကို အဆင်သင့် ပြင်ဆင်ထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူက ရိုက်တာကို ပြောပါတယ်။ ဒီအစည်းအဝေးကို အစိုးရအရာရှိ ၃၀၀ ဝန်းကျင် တက်ရောက်မယ်လို့ မျှော်လင့်ရပြီး တချို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီ အာဆီယံအစည်းအဝေးကို နေရာ ဒါမှမဟုတ် အချိန် ပြောင်းလဲကျင်းပဖို့ အစီအစဉ် မရှိဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အကြီးအကဲ ယွတ်ထာဆပ်ခ် ဆူပါဆောင်န်က “လေထုညစ်ညမ်းနေတာကြောင့် ကမ္ဘာလှည့်ခရီးသည် အရေအတွက် ၁၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းမယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ ဒါက ခရီးသွားလုပ်ငန်း တခုလုံးအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကလည်း အစည်းအဝေးကျင်းပမယ့် ချင်းရိုင်ခရိုင်ကို လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ လေထုညစ်ညမ်းမှုဆိုင်ရာ အစည်းအဝေး ကျင်းပပြီးနောက်မှာတော့ ပရာယွတ်က အဲဒီပြဿနာကို ၇ ရက်အတွင်း လျော့ပါးသက်သာစေဖို့ သက်ဆိုင်ရာ အေဂျင်စီတွေကို လမ်းညွှန်ခဲ့ပါတယ်။ ချင်းရိုင်ခရိုင် အပါအဝင် ခရိုင် ၉ ခုက နေရာပေါင်း ၁၉၀၀ မှာ စတင်ဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။ အဲဒီအတွက် ထိုင်းအစိုးရဟာ ဒေသခံတွေကို နှာခေါင်းစည်း ၂ သန်းနီးပါး ဝေငှထားတယ်လို့ ဝန်ကြီးချုပ် ပရာယွတ်က ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင် ၉ ခုက မီးခိုးမြူပြဿနာဟာ တောင်ယာလုပ်ငန်းမှာ မီးရှို့တာကြောင့်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားတယ်လို့ ချင်းမိုင်တက္ကသိုလ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာစင်တာ အကြီးအကဲက ရိုက်တာကို ပြောပါတယ်။ ဒီနှစ်ကတော့  မိုးခေါင်တာနဲ့ တရားမဝင် တောမီးရှို့တာကြောင့် မီးခိုးမြူပြဿနာက  ပိုမိုဆိုးလာတယ်လို့ သူက ပြောခဲ့ပါတယ်။
3 years Ago
Up