တချိန်က ကုက္ကိုင်းလမ်းလို့ခေါ်တဲ့ ကမ္ဘာအေးဘုရားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်မှာ ၇ ဧက အကျယ်ရှိတဲ့ ချင်းချောင်းနန်းတော် အဆောက်အဦဟာ ထီးထီးမတ်မတ် စွင့်စွင့်မားမားနဲ့ တည်ရှိနေဆဲပါ။
အခုတော့ “ယဉ်ကျေးမှုဗဟိုဌာန” လို့ အမည်တပ်ခေါ်ထားတဲ့ သမိုင်းဝင် မြို့ပြအမွေအနှစ် အဆောက်အဦပေါ့။ ဒီအဆောက်အဦကြီးဟာလည်း သူ့အိမ်ရှင်လို ဘဝအပြောင်းအလဲ များခဲ့ဟန်ပဲ။
ချင်းချောင်းနန်းတော်၊ ချင်းချောင်းရိပ်သာ၊ ဂျပန်ခေတ်က အသံလွှင့်ရုံ၊ ကမ္ဘောဇဟိုတယ်၊ ကမ္ဘောဇအဆောင်၊ မဆလရဲ့ လမ်းစဉ်လူငယ်ရုံး၊ နဝတလက်ထက်ရောက်တော့ အနုပညာတက္ကသိုလ်၊ အနုပညာအထက်တန်းကျောင်း ခုနာက်ဆုံးတော့ ယဉ်ကျေးမှုဗဟိုဌာနဆိုတဲ့ အမည်နဲ့ ရပ်တည်နေလေရဲ့။
ဒီနှစ်တော့ အဲဒီ ချင်းချောင်းနန်းတော်ကြီး နှစ်တရာပြည့်ခဲ့ပါပြီ။ ၁၉၁၅ ခုနှစ်က စတင်တည်ဆောက်ခဲ့တာ ၁၉၁၈ ခုနှစ်မှာ ပထမကမ္ဘာစစ်ကြီးနဲ့အတူ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။
အိမ်ရှင်အမည်က တန်လင်ချင်းချောင်ပါ။ သူ့ဖခင်က လင်ဆူးဟိန် (Lim Soo Hean)။ တန်မျိုးနွယ်စုပေါ့။ လင်ဆူးဟိန်က အင်္ဂလိပ်-မြန်မာ တတိယစစ်အပြီး ၁၈၆၁ ခုနှစ်မှာ ဖူကန်ကနေ ရေကြောင်းခရီးနဲ့ မြန်မာပြည်ကို ရောက်လာခဲ့တာ။ စာမတတ်၊ ငွေကြေးလည်း မချမ်းသာပေမယ့် သူ့ကြိုးစားမှုနဲ့ သူဋ္ဌေးဖြစ်ခဲ့သူပေါ့။ အထက်ဗမာပြည်မှာ မင်းတုန်းမင်း စိုးစံနေချိန် အထက်ဗမာပြည်နဲ့ အောက်ပြည်ကို ဆန်နဲ့ ပဲမျိုးစုံ စုန်ခြည်ဆန်လှည့် ကူးသန်းရောင်းဝယ်ရင်း ချမ်းသာလာခဲ့တာ။
သားဖြစ်သူ လင်ချင်းချောင်ကို ပညာတတ်ဖြစ်စေချင်တော့ စိန့်ပေါကျောင်းမှာ ထားခဲ့တာ။ လင်ချင်းချောင် ကောလိပ်ကျောင်းတက်နေချိန် ၁၈၈၈ ခုထဲမှာ ဖခင် လင်ဆူးဟိန် ကွယ်လွန်သွားတယ်။
လင်ဆူးဟိန်ရဲ့ ရွှေတိဂုံဘုရားလမ်း အမှတ် ၄၇/၄၉ အလုပ်တိုက်မှာပဲ လင်ချင်းချောင် အမွေဆက်ခံ ကူးသန်းရောင်းဝယ်ခဲ့တယ်။ လင်ချင်းချောင်လက်ထက်မှာ ဗြိတိသျှတို့နဲ့သာမက ပီနန်၊ ထိုင်ဝမ်တို့အထိ လုပ်ငန်းတိုးချဲ့နိုင်ခဲ့သလို ပင်လယ်ကူးသင်္ဘောတွေ ဝယ်ယူတင်ပို့နိုင်ခဲ့တယ်။ ဒါ့အပြင် သတ္တုတူးဖော်ရေးလုပ်ငန်းကိုလည်း လုပ်ကိုင်လာပြန်တယ်။
လင်ချင်းချောင်ဟာ ချမ်းသာလာတာနဲ့အမျှ အလှူအတန်းလည်း ရက်ရောသူတယောက် ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ် တည်ဆောက်ရေးမှာလည်း အလှူငွေ ထည့်ဝင်ခဲ့သလို ဂျင်မခန်ဒါ ဒပ်ဖရင်သားဖွားဆေးရုံ တည်ဆောက်ရေးမှာ မတည်အလှူငွေ အများဆုံး ထည့်ဝင်လှူဒါန်းခဲ့တယ်။
ဒါကြောင့်လည်း အင်္ဂလိပ်အစိုးရရဲ့ သူကောင်းပြုခြင်း ခံရတာပေါ့။ လင်ချင်းချောင်ကို အင်္ဂလိပ်အစိုးရက ရန်ကုန်မြူနီစီပါယ် လူကြီးအဖြစ်လည်းကောင်း၊ ပညာရေး ဘုတ်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဗန္ဓုလပန်းခြံ အုပ်ချုပ်ရေးအဖွဲ့ လူကြီးအဖြစ်လည်းကောင်း၊ သမာဓိမြို့ဝန်အဖြစ်လည်းကောင်း ရာထူးအသီးသီးပေးပြီး ခန့်အပ် သူကောင်းပြုခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့တယ်။ ၁၉၁၇ ခုမှာတော့ OBE (Order of British Empire) ဘွဲ့ကို ချီးမြှင့်ခံခဲ့ရတယ်။
“လင်ချင်းချောင်ဟာ သူချမ်းချမ်းသာသာ ဖြစ်လာတဲ့အခါ ထူးထူးခြားခြား လုပ်ကိုင်လိုတဲ့ အာသာဆန္ဒတခု ပေါ်လာတယ်။ သူ့ဘဝမှာ ဘဝရဲ့ အနှစ်သာရကို မခံစားခဲ့ရဘူး။ အခု ခံစားဖို့အချိန်လည်း မရှိတော့ဘူး။ ချမ်းသာသမျှ သောက်စားပျော်ပါး သုံးဖြုန်းပြီး အချည်းအနှီး မဖြစ်ချင်တဲ့အတွက် သူနေထိုင်ဖို့ အဆောင်ဆောင် အခန်းခန်းနဲ့ နန်းတော်တခု တည်ဆောက်ဖို့ စိတ်ကူးရလာတယ်။ သူ့နန်းတော်ကို အနုပညာလက်ရာမြောက် ခြယ်မှုန်းချင်တယ်” လို့ မောရစ်ကောလစ်က Trial in Burma မှာ ဖော်ပြထားတယ်။
သူ့ရဲ့ ချင်းချောင်းနန်းတော်ကြီးကို သူ့စိတ်ကူးအတိုင်း ပုံဖော်နိုင်ဖို့အတွက် အင်္ဂလန်အထိ သွားရောက်လေ့လာရင်း လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
သူ အင်္ဂလန်က ပြန်လာတော့ သူ့စိတ်ကူးကို အကောင်အထည်ဖော်ပေးမယ့် ပန်းချီဆရာ အင်းနက်ဒေါ့ပရော့တာတို့ လင်မယားကိုပါ တပါတည်း ခေါ်လာခဲ့ပါတော့တယ်။
သူ့စိတ်ကူးနန်းတော်ကြီးကို ၁၉၁၅ ခုနှစ်ကစပြီး တည်ဆောက်လိုက်တာ ၁၉၁၈ ခုနှစ်ရောက်မှ အပြီးသတ်နိုင်ခဲ့တယ်လို့ သုတေသီတချို့ရဲ့ မှတ်တမ်းအရ သိရပါတယ်။
အင်္ဂလန်ကနေ ပြခန်းအတွက် တန်ဆာဆင်မယ့် ပရိဘောဂတွေ၊ ကြွေပန်းအိုးတွေ၊ အမိုးအတွက် စဥ့်အုတ်ကြွပ်ကအစ ဝယ်ယူခဲ့တယ်။ နောက်ဆုံး နံရံအလှဆင်ဖို့ အင်းနက်ဒေါ့ ပရော့တာတို့ လင်မယားကိုပါ တပါတည်း ခေါ်ဆောင်လာခဲ့ပြီး နံရံဆေးရေးပန်းချီတွေ ရေးဆွဲစေခဲ့တယ်။ ဆင်ရုပ်ပန်းပုလက်ရာတွေဟာ လက်ရာအလွန်ကောင်းတယ်လို့ အနုပညာ အကဲခတ်တွေက သုံးသပ်ခဲ့ကြတယ်။
၁၉၂၁ ခုနှစ်ထဲရောက်တော့ လင်ချင်းချောင်ဟာ နိုင်ငံခြားဆန်ပို့မှုကို ပိတ်ပင်တားဆီး ခံခဲ့ရတယ်။ ဒီအခြေအနေတွေကတော့ လင်ချင်းချောင်ရဲ့ဘဝ တဆစ်ချိုး ပြောင်းလဲဖို့ ဖြစ်လာစေခဲ့ပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါက ရူပီးငွေ နှစ်သန်းနှစ်သောင်း အကုန်ခံ တည်ဆောက်နိုင်ခဲ့တဲ့ လင်ချင်းချောင်ဟာ အကြွေးထူပြီး ဆင်းရဲမွဲတေတဲ့ဘဝကို ရောက်ရှိသွားခဲ့ပါတော့တယ်။
နန်းတော်ကြီးတမျှ ခမ်းနားတဲ့ အဆောက်အဦကြီးကို စိတ်ကူးယဉ် ဖန်တီးခဲ့တဲ့ ချင်းချောင်းနန်းတော်ကြီးရဲ့ အရှင်သခင် လင်ချင်းချောင်ဟာ နောက်ဆုံးအချိန်မှာ နွမ်းပါးစွာ ဘဝတပါး ပြောင်းရွှေ့သွားရခြင်းကလည်း သံဝေဂရစရာဖြစ်သလို ကြေကွဲစရာ ဇာတ်လမ်းတပုဒ် ကြည့်နေရသလိုပါပဲ။
ဟိုအရင်ကတော့ ချင်းချောင်းအဆောက်အဦကြီးရဲ့ ရှေ့မျက်နှာစာနေရာမှာ ကြည်လင်သန့်ရှင်းတဲ့ ရေကန်သာလေးထဲ ညနေ နေညိုချိန်ဆို ငွေငန်းဖြူလေးတွေ ကူးခတ်နေတာကို လင်ချင်းချောင်တယောက် ငေးကြည့်ရင်း စိတ်အပန်းဖြေကောင်း ဖြေခဲ့ဖူးမှာပါ။
အခုတော့ အဲ့ဒီ ရေကန်လေးလည်း ခြောက်ခန်းလို့။ သူ့ရဲ့ဂေဟာဆိုတာကလည်း အထီးထီး။ သူ့သခင်ရှိတုန်းကလို မစိုပြည်တော့။ ဘာပဲဖြစ်ဖြစ် သူ့စိတ်ကူးအိပ်မက်ကို လေးစားတဲ့အနေနဲ့ သူ့ဆန္ဒအတိုင်း “ချင်းချောင်းနန်းတော်” လို့ အမည်နာမပြု ခေါ်ဆိုရင်း "ချင်းချောင်းနန်းတော်” ရာပြည့်ကို “သုတကဖေး” က ကြိုဆိုလိုက်ပါတယ်။
ဓာတ်ပုံ- MOI
5 years Ago