ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ကနေ ဘန်ကောက်ကို ထွက်ခွာလာတဲ့ ခရီးသည်တင်ကားတစီး အန်ထောင်းခရိုင်အရောက်မှာ တိမ်းမှောက်ပြီး သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အင်းထရားထိုး ကုမ္ပဏီပိုင် ယာဉ်အမှတ် 10-3611 ခရီးသည်တင်ကားဟာ နိုဝင်ဘာ ၃၀ ရက်နေ့ မနက် ၅ နာရီခွဲ အချိန်က အန်ထောင်းခရိုင် ချိုင်းယိုးမြို့နယ် ချိုင်းယဖွန်းကျေးရွာ အုပ်စုအပိုင် အာရှလမ်းမကြီးပေါ်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး လူ ၂ ဦးသေဆုံးကာ ၄၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ချိုင်းယိုးမြို့နယ် ရဲစခန်း တာဝန်ကျ ဒု-ရဲအုပ် နရုန်းတန်ဥဘွန်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒဏ်ရာရသူတွေကို အန်ထောင်းခရိုင်ဆေးရုံကြီး၊ ချိုင်းယဖွန်းမြို့နယ်ဆေးရုံနဲ့ ဖိုးထိထောင်းန် ဆေးရုံအသီးသီးမှာ ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။
ကားပေါ်မှာ ယာဉ်မောင်း ၁ ဦး၊ ၀န်ထမ်း ၂ ဦး၊ ခရီးသည် ၄၈ ဦး စီးနင်းလိုက်ပါလာပြီး ဒဏ်ရာရခရီးသည်တွေထဲမှာ နိုင်ငံခြား ခရီးသွားဧည့်သည်တွေလည်း ပါဝင်ကြောင်း၊ ကားမှောက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ နိုင်းချန်းဘွန်းဆာဒီး (၅၉ နှစ်) က ယာဉ်မောင်းစဉ် အိပ်ငိုက်သွားတဲ့အတွက် လမ်းဘေးကို ထိုးကျ တိမ်းမှောက်သွားတာလို့ ၀န်ခံသွားပါတယ်။
7 years Ago