ချင်းပါတီ

February 8, 2017

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းခွင့်ပြုရန် ချင်းပါတီတောင်းဆို

ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်ကို အန်စီအေ အပစ်ရပ် စာချုပ်ပါအတိုင်း ပြည်ထောင်စုအစိုးရက အမြန်ဆုံးခွင့်ပြုပေးဖို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီက ထုတ်ပြန် တောင်းဆိုပါတယ်။ ချင်းပြည်နယ်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)ကို ကျင်းပနိုင်ဖို့ ချင်းအမျိုးသား တပ်ဦး၊ ချင်းနိုင်ငံရေးပါတီတွေနဲ့ ချင်းအရပ်ဖက်လူ့အဖွဲ့အစည်းတွေ အဆင်သင့်ဖြစ်နေပေမယ့် အစိုးရက ခွင့်မပြုခဲ့ခြင်းဖြစ်တယ်လို့ နားလည်ရကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ မဖြစ်နိုင်သေးကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအပေါ်အခြေခံပြီး ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းမျိုးချစ်က “အဓိကကတော့ ညီလာခံမတိုင်ခင်မှာ လူမျိုးအဆင့်ပေါ့၊ အမျိုးသားအဆင့် ပြည်နယ်အလိုက်ပဲဖြစ်ဖြစ် အဲလိုဆွေးနွေးတဲ့ဟာကို အစပိုင်းမှာ သဘောတူထားတယ်။ တကယ်တန်းကျတော့ ကျနော်တို့ ချင်းတွေဆိုရင် ချင်းအမျိုးသားဆင့်တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စု အဆင့်မသွားခင်မှာ ကျနော်တို့ ချင်းလူမျိုးတွေအနေနဲ့ ဘာတွေတင်ပြမယ်ဆိုတဲ့ ညှိနှိုင်းမှုပေါ့ဗျ အမျိုးသားအဆင့်ကို ကျနော်တို့လုပ်ဖို့ အဆင်သင့်ရှိနေပြီ။ ရှိနေတဲ့ဟာကို ကျင်းပလို့မရဘူးဆိုတဲ့ဟာ ထွက်လာတာ ပေါ့လေ။ အဲဒါကြောင့် ကျနော်တို့ အဓိကကတော့ ပြည်ထောင်စုအဆင့်ကိုမသွားခင်မှာတော့ ပြည်နယ်မှာ ကျနော်တို့ အရင် အမျိုးသားအဆင့်မှာ အကြေအလည် ဆွေးနွေးသင့်တယ်။ ပြီးတော့မှ သွားတင်ပြရမှာပေါ့။ အခုကတော့ ကိုယ့်အချင်းချင်းကြားမှာ မညှိနှိုင်းသေးဘဲနဲ့ သွားတက်မယ့် သူတွေက ဘာကိုတင်ပြ ရမလဲဆိုတာ ဇဝေဇ၀ါဖြစ်နေတာပေါ့”လို့ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတရုံး ဒုညွန်ကြားရေးမှူးချုပ်က မီဒီယာမှာ ရှင်းလင်းပြောကြားချက် တွေဟာ ချင်းလူမျိုးအတွင်းသွေးခွဲရာရောက်တဲ့အပြင် ချင်းအမျိုးသားစည်းလုံးညီညွတ်မှုကို ထိပါစေတဲ့ အတွက် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းလည်း ချင်းပါတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အန်စီအေ အရ အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲတွေ ကျင်းပပြီးမှသာ ၂၁ ရာစုပင်လုံညီလာခံလို နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပရမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ဦးဆောင်ကော်မတီကို ဦးစွာဖွဲ့စည်းဖို့လိုပြီး အဲဒီကော် မတီမှာ အစိုးရဘက်က ကိုယ်စားလှယ် ၃ ဦး၊ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က ၃ ဦးနဲ့ နိုင်ငံရေး ပါတီတွေဘက်က ၃ ဦးပါဝင် ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
5 years Ago

July 16, 2015

တိုင်းရင်းသားပါတီ များလာမှု ချင်းပါတီ အတွက် စိန်ခေါ်ချက်ဖြစ်ဟုဆို

ချင်းပြည်နယ်အတွင်း တိုင်းရင်းသားပါတီတွေ များလာတာဟာ ချင်းပါတီအတွက် စိမ်ခေါ်ချက်တခုဖြစ်တယ်လို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းငယ်ပီးက ပြောပါတယ်။ ဒီတကြိမ်ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ ၉ မြို့နယ်စလုံး ၀င်ပြိုင်ဖို့ရှိတဲ့အပြင် ရခိုင်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ရှိ မဲဆန္ဒနယ် ၆၀ မှာ ၀င်ပြိုင်မယ်လို့ ကြေညာထားတဲ့ ပါတီရဲ့ အတွင်းရေးမှူးက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ “တပြည်နယ်လုံးအနေနဲ့ ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုရင်တော့ ချင်းပါတီတွေအတွက် စိန်ခေါ်ချက်တရပ်ပါပဲ။ ဥပမာ ဇိုမီးပါတီဆိုရင် သူက တွန်းဇံတမြို့နယ်လောက်ပေါ့။ နောက်ပြီးတော့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဘာတို့ဆိုရင်လည်း မတူပီနဲ့ တချို့နရာတွေပေါ့လေ၊ ဒါပေမယ့် ချင်းပါတီ အချင်းချင်းကတော့ ရွေးကောက်ပွဲကာလမှာ ဘယ်လိုပဲ ပွတ်တိုက်မှုတွေ ရှိနေပစေ လွှတ်တော်ထဲ ရောက်သွားရင်တော့ ညီနောင်အဆင့် ဖြစ်သွားပါပြီ။” ပါတီအနေနဲ့ ဒီတကြိမ်ရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်နယ်အတွင်း ၁၈ နေရာ ၀င်ပြိုင်ခဲ့ရာမှာ ၉ နေရာအနိုင်ရခဲ့တဲ့ ပါတီအနေနဲ့ ဒီတကြိမ် ရွေးကောက်ပွဲမှာ ဒေသခံလူထုရဲ့ ရွေးကောက်ပွဲအပေါ် ယဉ်ပါးလာမှုကြောင့် အခုလို မျှော်မျန်း ပြောဆိုရတာလို့ ပါတီအတွင်းရေးမှူး က ဆိုပါတယ်။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဟာ ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းမှာ ပါတီရုံးဖွင့်ထားတဲ့ ပါတီကြီးတခုဖြစ်ပြီး သူ့အဓိကပြိုင်ဘက်တွေက အာဏာရပြည်ခိုင်ဖြိုးပါတီ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောပါတယ်။ ချင်းပြည်နယ်မှာ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ အရှိုချင်း အမျိုးသားပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ခူမီး(ခမီး) အမျိုးသားပါတီ စတဲ့ပါတီတွေ ရွေးကောက်ပွဲဝင်ဖို့ ရှိပါတယ်။
6 years Ago
Up