ချင်းတွင်းမြစ်ကြောင်း

February 27, 2017

စည်းကမ်းမဲ့ ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များအား ရဲတပ်ဖွဲ့ စစ်ဆေး

မုံရွာမြို့မှာ ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်တွေကို ရေယာဉ်စည်းကမ်းနဲ့ ညီညွတ်မှုရှိမရှိ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက စစ်ဆေးနေပါတယ်။ အခုလို စစ်ဆေးရတာဟာ ခရီးသည်တွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကင်းရှင်းရေးအတွက် ဖြစ်တယ်လို့ မုံရွာခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးသိန်းဆွေမြင့်က ပြောပါတယ်။ “ကျနော်တို့အနေနဲ့ အခုလိုစစ်ဆေးရတာက ခရီးသည်တင် ရေယာဉ်အင်္ဂါရပ်နဲ့ ညီ၊ မညီ ဆိုတာနဲ့ ရေယာဉ်တစင်းမှာ သတ်မှတ်စည်းမျဉ်းစည်းကမ်းနဲ့ ညီ၊ မညီ စစ်ဆေးတာပါ။ ဒါတွေနဲ့ ပြည့်စုံမှလည်း ခရီးသည်တွေရဲ့ အသက်အန္တရာယ်လုံခြုံရေးက စိတ်ချရမှာပါ” ရေယာဉ်တွေကို လိုအပ်တဲ့ ခရီးသည်ဦးရေထက် ပိုမတင်ဖို့၊ ခရီးသည်တွေ အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားမှု ရှိ၊ မရှိ ဆိုတာနဲ့ ရေယာဉ်တွေ မီးဘေးအန္တရာယ် ကင်းစေဖို့အတွက် အထောက်ကူပြုပစ္စည်းတွေ ပါ၊ မပါ ဆိုတာကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ စည်းကမ်းနဲ့ မကိုက်ညီတဲ့ ရေယာဉ်တွေကို ခရီးစဉ်ထွက်ခွင့်ပေးမှာမဟုတ်ဘဲ ရေလမ်းမှာ ခရီးသည်ပိုတင်လာတဲ့ ရေယာဉ်တွေကိုလည်း သိရှိတာနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ကြောင်းမှာ မကြာခဏ အမြန်ရေယာဉ်တိမ်းမှောက်မှုတွေရှိနေပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကလည်း အမြန်ရေယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၇၀ ကျော် သေဆုံးခဲ့ပါတယ်။ သတင်း - ရန်နိုင်စိုး
4 years Ago
Up