ချင်းတိုင်းရင်းသားများ

February 21, 2019

ချင်းတိုင်းရင်းသားများ ဒီမိုကရေစီ အသီးအပွင့်ကို ခံစားလာရပြီဟု သမ္မတပြော

ချင်းအမျိုးသားတွေအနေနဲ့  ဒီမိုကရေစီကို တန်ဖိုးထားပြီး၊ လူ့အခွင့်အရေးကို လေးစားကြတာနဲ့အမျှ ဒီမိုကရေစီ အသီးအပွင့်တွေကို ခံစားလာရပြီ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂ဝ ရက်က  ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းမှာ ကျင်းပတဲ့   (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာပါ။ အစိုးရအနေနဲ့ တိုင်းဒေသကြီး/ပြည်နယ် မခွဲခြားဘဲ ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီအောင် ကြိုးပမ်းဆောင်ရွက်နေတယ်၊ ချင်းပြည်နယ်ရဲ့ အလှတရားဟာ ချင်းပြည်နယ်မှာသာမက ပြည်ထောင်စုကြီးရဲ့ အလှတရားဖြစ်အောင်၊ ချင်းပြည်နယ်ရဲ့ ဒီမိုကရေစီတန်ဖိုးထားမှုဟာ ချင်းပြည်နယ်မှာသာမက ပြည်ထောင်စုကြီး တခုလုံးမှာလည်း ဒီမိုကရေစီ စံချိန်စံညွှန်းတွေအတိုင်း တန်ဖိုးထားရှိနိုင်အောင် ဆောင်ရွက်ဖို့လိုတယ်လို့ သမ္မတက ပြောပါတယ်။ ချင်းပြည်နယ်မှာ မျိုးနွယ်စု ၅၃ စု ရှိပြီး မျိုးနွယ်စု အသွင်ကွဲ၊ အဆင်ကွဲတွေ ရှိနေတာဟာ ချင်းပြည်နယ်ရဲ့အလှတရားဖြစ်သလို စည်းလုံးညီညွတ်မှုအင်အားဖြစ်ပြီး ဒီအလှတရားနဲ့ စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကာ  ပြည်ထောင်စုကြီးတည်တံ့ဖို့ အားလုံး တက်ညီ လက်ညီ ကြိုးပမ်းပေးကြဖို့လည်း သမ္မတက တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတော်သမ္မတနဲ့ ဇနီးတို့ဟာ ဟားခါးမြို့မှာ ကျင်းပတဲ့ ဘွဲတိုင်(ခ)အထွတ်အမြတ်တိုင် စိုက်ထူပွဲကို တက်ရောက်စိုက်ထူပေးခဲ့ပြီး ချင်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့တွေရဲ့ စုပေါင်းဝါးညှပ်ကပွဲ၊ ခေါင်ကျွဲပွဲ၊ မီးပုံပွဲတွေကိုလည်း  တက်ရောက်ခဲ့ပါတယ်။
2 years Ago

February 20, 2017

၂၁ ရာစု ပင်လုံညီလာခံတွင် ဝိုင်းဝန်းပါဝင်ရန် ချင်းတိုင်းရင်းသားများကို သမ္မတ တိုက်တွန်း

နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာနိုင်ဖို့ တခုတည်းသော လမ်းကြောင်းဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဖြစ်တဲ့အတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြဖို့ သမ္မတဦးထင်ကျော်က ချင်းတိုင်းရင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျရောက်တဲ့  ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောသွားတာဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်း ချင်းပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမှာကို ကြိုဆိုတဲ့အကြောင်းလည်း သမ္မတက ပြောပါတယ်။ “တိုင်းရင်းသားပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံကတဆင့် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ မကြာခင်အချိန်အတွင်းမှာ ချင်းပြည်နယ်မှာ ကျင်းပတော့မယ့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အလွှာပေါင်းစုံ၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်နိုင်ကြမှာဖြစ်တဲ့အတွက် ဝမ်းမြောက်စကား ကြိုတင်ပြောကြားလိုပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအောင်မြင်ဖို့၊ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မယ့် ဖက်ဒရယ်စနစ် ထွက်ပေါ်လာရေး ပြည်ထောင်စုမျှော်မှန်းချက် ပြည့်ဝအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာမှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူများ အားလုံးကလည်း စည်းလုံးညီညွတ်စွာနဲ့ ဝိုင်းဝန်းပါဝင် ဆောင်ရွက်သွားကြဖို့ လေးနက်စွာ တိုက်တွန်းရင်း သဝဏ်လွှာပေးပို့အပ်ပါတယ်။” အစိုးရအနေနဲ့ ချင်းပြည်နယ်ရှိ တိုင်းရင်းသားပြည်သူတွေရဲ့ အနာဂတ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေတယ်၊ ချင်းပြည်နယ်မှာ သွားလာဖို့ခက်ခဲတဲ့ သဘာဝမြေမျက်နှာပြင်နဲ့ မြင့်မားတဲ့တောင်တန်း၊ တောင်စွယ်တွေ တည်ရှိတာကြောင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေ ကြုံတွေ့နေရပေမယ့် နိုင်ငံတော်အနေနဲ့ ပြည်နယ်တိုးတက်ရေးအတွက် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးနေတယ်လို့လည်း သမ္မတက ပြောပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရအပြီး ၁၉၄၈ ဖေဖော်ဝါရီ ၂၀ ရက်မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လူထုညီလာခံကျင်းပပြီး တိုက်သူကြီးတွေ အုပ်ချုပ်တဲ့စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပတာ ဖြစ်ပါတယ်။
4 years Ago
Up