ခံစားချက်

August 12, 2018

ခံစားချက်အမှန်တွေ ထုတ်ပြောလိုက်ရင် ဒဏ်ရိုက်ခံရနိုင်တယ် - ပေါ့ဘာ

စိတ်ထဲမှာ ပျော်ရွှင်နေမှသာ သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို ထုတ်ပြနိုင်မှာဖြစ်ပြီး ခံစားချက်အမှန်တွေကို ထုတ်ပြောလိုက်ရင် ဒဏ်ရိုက်ခံရနိုင်တယ်လို့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက ပြောကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားက “ခင်ဗျားသာ စိတ်ထဲမှာ ပျော်ရွှင်မနေဘူးဆိုရင် ခင်ဗျားရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို ထုတ်ပြနိုင်မှာမဟုတ်ပါဘူး။ ကျနော့်အနေနဲ့ ထုတ်ပြောလို့မရတဲ့ အရာတွေရှိပါတယ်။ အဲ့ဒါတွေကိုသာ ထုတ်ပြောလိုက်ရင် ကျနော်ဒဏ်ရိုက်ခံရနိုင်ပါတယ်။” “ခင်ဗျားစိတ်ထဲမှာ သက်တောင့်သက်သာရှိနေမှ ဒါမှမဟုတ် ယုံကြည်မှုရှိနေမှသာ ခင်ဗျားလုပ်ရမယ့်အရာတွေက ပိုမိုလွယ်ကူလာမှာပါ” လို့လည်း ပေါ့ဘာက ဆက်လက်ပြောကြားပါတယ်။ ပေါ့ဘာဟာ ယူနိုက်တက်အသင်းကို ဂျူဗင်တပ်အသင်းကနေ စံချိန်တင်ပြောင်းရွေ့ကြေး ပေါင် ၈၉ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့လာသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်း ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲလို အရေးပါတဲ့ ပွဲစဉ်နှစ်ကျော့စလုံးမှာ ပွဲထွက်လူစာရင်းကနေ ချန်လှစ်ခံခဲ့ရသူပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပေါ့ဘာဟာ အသင်းပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဆူညံခဲ့ပြီး ပေါ့ဘာအသင်းမှာ မပျော်ရွှင်တော့ဘူးဆိုတဲ့ အသံတွေဟာလည်း ယူနိုက်တက် ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ပေါ့ဘာဟာ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးယားလိဂ်အဖွင့်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရခဲ့သလို အသင်းအတွက် အရေးပါတဲ့ ဂိုး ၁ ဂိုးကိုလည်း ပင်နယ်တီကတဆင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပေါ့ဘာဟာ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့အတူ ချန်ပီယံဆုကို ဆွတ်ခူးခဲ့သူဖြစ်ပေမယ့် ပြီးခဲ့ရာသီတုန်းကတော့ ပွဲထွက်ကစားခွင့်ကို အကန့်အသတ်နဲ့သာ ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနှစ်ရာသီမှာ ပေါ့ဘာရဲ့ စွမ်းဆောင်ရည်နဲ့ သူနဲ့ယူနိုက်တက် နည်းပြမော်ရင်ဟိုတို့ကြားက ဆက်ဆံရေးကို ဆက်လက်စောင့်ကြည်ရဦးမှာပဲဖြစ်ပါတယ်။
5 years Ago
Up