ခေါ်ယူမည့်သတင်း

A d v e r t i s e m e n t With Us

December 31, 2020

ဒီယေဂိုကော်စတာကို ခေါ်ယူမည့်သတင်း  အာဆင်နယ် ငြင်း

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို အာဆင်နယ်ဘက်က ပယ်ချလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးဟာ မကြာသေးခင်ကမှ အက်သလက်တီကိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီး သူ့ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်မှာပါ။  ကော်စတာဟာ တီကိုအသင်းကို ဆွာရတ်ရောက်ရှိလာခဲ့တာကြောင့် ပုံမှန်ပွဲ ထွက်ခွင့် ပျောက်ဆုံးခဲ့သူဖြစ်ကာ ဒီရာသီမှာ ၂ ပွဲသာပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ စပိန်ကလာတဲ့သတင်းတွေမှာ အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဒီကစားသမားကို ခေါ်ယူဖို့  စောင့်ကြည့်နေတယ်လို့  ဖော်ပြပါတယ်။  ဒါပေမဲ့ The Athletic မှာတော့ အာဆင်နယ်ဘက်က လာတဲ့ သတင်းအရင်းအမြစ်တွေ အရ အသင်းဟာ စပိန်တိုက်စစ်မှူးကို စိတ်မဝင်စားသလို အခုချိန်ထိချဉ်းကပ်စကားပြောတာမျိုးလည်း မရှိသေးဘူးလို့ ဖော်ပြပါတယ်။  သတင်းအရ ကော်စတာဟာဘာစီလိုနာ၊ ဆီဗီလာနဲ့ တခြားချန်ပီယံလိဂ်ကလပ်အသင်း တစ်သင်းသင်းကို ပြောင်းတယ်ဆိုရင် အသင်းကို ယူရို ၁၅ သန်းပေးချေရဖို့ကိုလည်း စာချုပ် ဖျက်သိမ်းမှုမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။  ကော်စတာဟာ မနေ့က အက်သလက်တီကို ပရိတ်သတ်တွေကို ရေးပို့ခဲ့တဲ့ နှုတ်ဆက်စာမှာ “ ပရိတ်သတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျနော်အတွက်၊ အသင်းအတွက် အခိုက် အတန့်ဟာ  ရောက်ရှိလာခဲ့ပါပြီ။ ဒါဟာဖြစ်နိုင်တာတွေထဲက အကောင်းဆုံးအရာပါ” လို့ ရေးသား ခဲ့ပါတယ်။  အင်စတာဂရမ်ပေါ်တင်ထားတဲ့ကြေညာချက်တစ်စောင်မှာလဲ ကစားသမားက “ ဒါဟာ နှစ်ဖက်စလုံးအတွက် အကောင်းဆုံးပါ။ အသင်းအတွက်လည်း အကောင်းဆုံးဖြစ်မှာပါ။ ကျနော် အက်သလက်တီကိုအသင်းအင်္ကျီဝတ်ဆင်ထားချိန်တိုင်း အကောင်းဆုံး ပေးဆပ်ခဲ့ပါတယ်။ ပေးဆပ်ဖို့ ကြိုးစားခဲ့ပါတယ်” လို့ ပြောပါတယ်။  ကော်စတာနဲ့သတင်းတွေကို ငြင်းခဲ့ပေမဲ့ အာဆင်နယ်အသင်းဟာ ရီးရဲလ်ကွင်းလယ်လူ အစ္စကို ကို ခေါ်ဖို့ ဆက်သွယ်နေတယ်လို့ သတင်းထွက်နေပါတယ်။  အာဆင်နယ်အသင်းဟာ စပိန်ကွင်းလယ်လူကို ရာသီကုန်အထိ အငှားနဲ့ခေါ်ဖို့ ကြိုးစား နေတာဖြစ်ပြီး ဘရိုက်တန်နဲ့ပွဲအပြီးမှာ ဒီအကြောင်းကို မေးမြန်းခဲ့ပေမဲ့ နည်းပြ အာတီတာက ကစားသမား တစ်ဦးချင်းစီအကြောင်းတွေကို မပြောနိုင်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ 
2 months Ago
Up