ခေါင်းတိုက်သွင်းဂိုး

December 19, 2019

မယုံနိုင်ဖွယ်အမြင့်ခုန်ပြီး ခေါင်းတိုက်ဂိုးသွင်းခဲ့သည့် ရော်နယ်ဒိုကို စူပါလူသားဟု ခေါ်ဆို (ရုပ်သံ)

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ မက်ဆီရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု စံချိန်ကိုလာမယ့် ဆုပေးပွဲမှာ လိုက်မီနိုင်ဖို့ အသက်နဲ့မလိုက်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနေခဲ့ပါတယ်။ ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ကြားရက်ပွဲပွဲစဉ်မှာ ဆမ်ဒိုးရီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဂျူဗင်တပ်စ် အသင်းဟာလည်း အမှတ်ပေးဇယား အဆင့် ၁ နေရာကို ယာယီတက်လှမ်းထားနိုင်ခဲ့ပါတယ်။ ဂိုးတွေကတော့ ပထမပိုင်းမှာပဲ သွင်းယူခဲ့ကြတာဖြစ်ပြီး ရော်နယ်ဒိုရဲ့ ပွဲကစားချိန် ၄၅ မိနစ်မှာ သွင်းယူတဲ့ ခေါင်းတိုက်သွင်းဂိုးကတော့ သမိုင်းမှာ ပြောစမတ်တွင်ဦးမှာဖြစ်ပါတယ်။  နောက်ခံလူ အဲလက်စ်ဆန်ဒရိုရဲ့ ဘယ်ခြမ်းကနေ ဖြတ်တင်ပေးပို့မှုကို ရော်နယ်ဒိုက အမြင့် ၂.၅၆ မီတာခုန်ပြီးနောက် လေထဲမှာ ၁.၅ စက္ကန့်‌ကြာ အချိန်ယူပြီး အမိအရ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီစွမ်းဆောင်ရည်ကို ဘယ်သူမှ မပြုလုပ်နိုင်‌သေးလို့ ရော်နယ်ဒိုကိုတော့ စူပါလူသားလို့တောင် ခေါ်နေကြပါတယ်။ ဒီဂိုးနဲ့ပတ်သက်လို့ ရော်နယ်ဒိုကို မေးမြန်းရာမှာတော့ သူ့အနေနဲ့အသင်းကို ၃ မှတ်ရအောင် စွမ်းဆောင်ပေးနိုင်လို့ ပျော်ရွှင်မိကြောင်း၊ ခက်ခဲတဲ့ ပွဲတပွဲဖြစ်ခဲ့ပြီး‌ လေပေါ်မှာ ဘာလို့အ‌‌ကြာကြီး မြောက်နေလဲ မသိဘူးလို့ ရယ်ပြီးတော့ ဖြေခဲ့ပါတယ်။ နည်းပြဆာရီကတော့ ဂိုးကိုမြင်တွေ့ချိန်မှာ အံ့အားသင့်လွန်းတာကြောင့် အာမေဋိတ်နဲ့အတူ "ဘယ်လိုဂိုးမျိူးလဲ" ဆိုပြီးတောင် ပြောခဲ့မိတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လတုန်းက ဒူးဒဏ်ရာခံစားခဲ့ရပေမယ့် အခု အရှင်းပျောက်ကင်းသွားတာကြောင့် ကြံခိုင်မှုလည်း ပြည့်ဝနေတယ်လို့ ထပ်လောင်းပြောပါတယ်။ အဲ့ဒီပေါ်တူဂီအသင်းခေါင်းဆောင်ဟာ လက်ရှိရာသီ ၁၄ ပွဲ ကစားထားပြီး ၁၀ ဂိုးသွင်းကာ ဂိုးဖန်တီးမှု တကြိမ်ပြုလုပ်ထားပါတယ်။ 
2 years Ago
Up