ခေါင်းဆောင်မှုပညာ

December 10, 2019

မိန်းကလေးများကို ခေါင်းဆောင်မှုပညာသင်ပေးရန် မယ်စကြဝဠာဆုရှင် တိုက်တွန်း (ရုပ်သံ) 

“ဒီနေ့ခေတ်မိန်းကလေးငယ်တွေကို သင်ကြားပေးသင့်ဆုံးက ခေါင်းဆောင်မှုပညာ”လို့ ပြောလိုက်သူကတော့ ပူပူနွေးနွေး မယ်စကြဝဠာအလှမယ် သရဖူဆုရှင် ဇိုဇီဘီနီ ထွန်ဇီပါပဲ။ ပြိုင်ပွဲရဲ့ အမေး အ‌ဖြေ ကဏ္ဍမှာတော့ နာမည်ကြီး အစီအစဉ်တင်ဆက်သူ စတိဗ်ဟာဗေးရဲ့ “ဒီနေ့ခေတ် မိန်းကလေးငယ်တွေကို သင်ကြားပေးသင့်တဲ့ အရေးအကြီးဆုံး အရာက ဘာများဖြစ်မလဲ”ဆိုတဲ့ အမေးကို သူက ခုလိုဖြေကြားလိုက်တာ ဖြစ်ပါတယ်။ “ဒီနေ့ခေတ် မိန်းကလေးငယ်တွေကို သင်ကြားပေးသင့်ဆုံးအရာကတော့ ခေါင်း ဆောင်မှုပညာပဲလို့ ကျမ ထင်ပါတယ်။ ဒါဟာ အချိန်ကာလ အတော်ကြာကြာ အမျိုးသမီးတွေလို့ တံဆိပ်ကပ်ခံရတဲ့ လူ့အဖွဲ့အစည်းတွင်းက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီး တွေမှာ ချို့တဲ့နေတဲ့၊ မရှိတဲ့ အရာပဲလေ။ ကျမတို့ အားလုံးက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးသူတွေ ဖြစ်ကြတယ်၊ လူတိုင်း အခွင့်အရေးတန်းတူ ရသင့်တယ်။ ဒါကြောင့်မို့ ကျမတို့ မိန်းကလေးငယ်တွေကို သင်ကြားပေးသင့်တာတွေက ဒါပါပဲ” ဇိုဇီဘီနီထွန်ဇီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်၊ အတ္တလန္တာမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲမှာ တောင်အာဖရိကနိုင်ငံကိုယ်စားပြု အလှမယ်တယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်တွေအားလုံးကို ဖြတ်ကျော်ပြီး သရဖူကို ဆွတ်ခူးသွားခဲ့တာပါ။ ၆၈ ကြိမ်မြောက်ကျင်းပတဲ့ အခုနှစ်ရဲ့ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲကိုတော့ ကမ္ဘာ့ နိုင်ငံပေါင်း ၉၀ မှ အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် တောင်အာဖရိကနိုင်ငံ ကိုယ်စားပြု လူမည်းအလှမယ် ဇိုဇီဘီနီထွန်ဇီဟာ ကိပ်ပ်ကျွန်းဆွယ် နည်းပညာတက္ကသိုလ်(Cape Peninsula University of Technology)မှ လူထုဆက်ဆံရေးဘာသာရပ် အထူးပြုဘွဲ့ရရှိခဲ့သူတဦးဖြစ်ပြီး ကျားမ အခြေပြုအကြမ်းဖက်မှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတဦးလည်း ဖြစ်ပါတယ်။
2 years Ago
Up