ခေါင်လန်ဖူးမြို့

December 3, 2020

ခေါင်လန်ဖူးမြို့ကို မြို့ပြစီမံကိန်းအသွင် တိုးချဲ့ဆောင်ရွက်နိုင်မည့်အခြေအနေ ကာချုပ်လေ့လာ  

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရှိ ခေါင်လန်ဖူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်း အသွင် တိုးချဲ့ဆောင်ရွက်နိုင်မယ့်  အခြေအနေတွေကို  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လေ့လာခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ   ဒီဇင်ဘာ ၂ ရက်နေ့က ခေါင်လန်ဖူးမြို့ကို လှည့်လည်ကြည့်ရှုပြီး မြို့ပြစီမံကိန်းအသွင် တိုးချဲ့ဆောင်ရွက်နိုင်မယ့် အခြေအနေ၊ ကုန်းမြင့်လယ်ယာစနစ် အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ၊ ရပ်ကွက်တွေ တိုးချဲ့နိုင်မယ့်အနေအထားတွေကို မြေပြင်အခြေအနေနဲ့ မြို့နယ်အကွက်ချမြေပုံတို့ကို နှိုင်းယှဉ်လေ့လာ ဆွေးနွေးအကြံပြုခဲ့ပြီး တပ်မတော်က ယာဉ်ယန္တရားတွေ ကူညီဆောင်ရွက်မယ်လို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်လန်ဖူးဒေသမှာ MEC Tel CDMAတယ်လီဖုန်း ဆက်သွယ်ရေးစနစ် ရရှိအသုံးပြု နိုင်အောင် တပ်မတော်က ဆောင်ရွက်ပေးခဲ့ကြောင်း အင်တာနက်အသုံးပြုနိုင်လို့ အသိအမြင်တွေ ပိုမိုကျယ်ပြန့်လာနိုင်မှာ ဖြစ်သလို ဒေသခံတွေရဲ့ ကျန်းမာရေးအခက်အခဲရှိပါက အချိန်မီဆက်သွယ် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ရာသီဥတုဆိုးရွားပြီး တောတောင်ထူထပ်တာကို အကြောင်းပြနေလို့ မရဘဲ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေလုပ်ဆောင်ကြဖို့လိုတဲ့အကြောင်း၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ တရုတ်နိုင်ငံတို့ရှိ တချို့နေရာဒေသတွေဟာ ခေါင်လန်ဖူးဒေသထက် တောတောင် ထူထပ်ပေမဲ့ ဒေသနဲ့ ကိုက်ညီတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အောင်မြင်စွာဆောင်ရွက်နေတာကို တွေ့ရလို့ မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံတွေ ကိုယ်တိုင်ကြိုးစားဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဟာ ခေါင်လန်ဖူးမြို့မှာ  ဒေသခံပြည်သူတွေ၊ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံပွဲအတွင်းမှာ ခေါင်လန်ဖူးမြို့ကို မြေနေရာတွေညှိ၊ အကွက်ချပြီးမှ စနစ်တကျ တည်ဆောက်သွားမယ်လို့ ပြောဆိုခဲ့ကြောင်း  ဒေသခံတွေက ပြောပါတယ်။ နောက်ပြီး တပ်မတော်အနေနဲ့ ဆန်အိတ် ၁၀၀၀ ထောက်ပံ့ပေးမယ်လို့လည်း ပြောတယ်လို့ ဒေသခံပြည်သူတစ်ဦးက ဆိုပါတယ်။ မြန်မာနိုင်ငံ မြောက်ဘက်စွန်း တရုတ်နိုင်ငံနယ်စပ်နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ခေါင်လန်ဖူးဒေသဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရာသီဥတု ဆိုးရွားတဲ့အတွက် နှစ်စဉ် ရိက္ခာဆန်ပြတ်တောက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။  သတင်း - ဖေနောင်းအောင်(ပူတာအို)၊  ဓာတ်ပုံ- DSINFO
5 months Ago
Up