ခမောက်ကြီး

September 1, 2018

ခမောက်ကြီးတွင် ကျောင်းကြိုပို့ ဘေးတွဲဆိုယ်ကယ်နှင့် ဆီသီးတင်ကား တိုက်မိ

တနင်္သာရီတိုင်း ကော့သောင်းခရိုင်မှာ ကျောင်းကြို/ပို့ ဘေးတွဲဆိုင်ကယ်နဲ့ ယုဇနဆီအုန်းကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့ ကျောင်းသားလေးတွေ ဒဏ်ရာရရှိခဲ့ပါတယ်။ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာကျေးရွာအုပ်စု ၄၂ မိုင် ကျေးရွာအနီးမှာ သြဂုတ် ၃၁ ရက်နေ့ မနက်ပိုင်းက ယာဉ်တိုက်မှု ဖြစ်ခဲ့တာလို့ ခမောက်ကြီးမြို့နယ် ရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ သီတာစမ်းကျေးရွာမှ ကျောင်းသား/သူ ၁၆ ဦးအား ဆိုင်ကယ်ဘေးတွဲနဲ့ တင်ဆောင်ပြီး စမ်းသီတာ အမကမူလွန် ကျောင်းကို အသွား မိုင်တိုင်အမှတ်၂၂၉/၆ နဲ့ ၂၂၉/၇ အရောက်မှာ ယုဇနဆီသီးတင်ကားက နောက်ကနေ ကျော်တက်ရာကနေ ချိတ်မိလို့ ဆိုင်ကယ်ဘေးတွဲတိမ်းမှောက်ခဲ့တာဖြစ်ပြီး ဒာဏ်ရာရခဲ့တဲ့ ကျောင်းသူ/သားတွေကို ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသပေးနေတယ်လို့ ဆိုပါတယ်။ “ဆေးရုံတက်နေရတဲ့ ကလေးတွေအတွက် ကျနော်တို့ ပံ့ပိုးပေးဖို့ အစီစဉ်ရှိပါတယ်။ ဒဏ်ရာနည်းနည်းကြီးတဲ့ ကလေးတွေအတွက်လည်း ဒဏ်ရာပျောက်ကင်းသွားတဲ့အထိ တာဝန်ယူပေးသွားမှာပါ” လို့ ယုဇနဆီအုန်းမှ တာဝန်ခံ ဦးထွန်းထွန်းလင်းက ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆီသီးတင်ယာဉ်မောင်းနှင်သူ ကို ခမောက်ကြီးရဲစခန်းက ယာဉ်ပ/၆ ပုဒ်မ၃၃၇/၃၃၈ ယာဉ်ကို ပေါ့ဆစွာမဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ခမောက်ကြီးရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ လတ်ကိုကိုဦး
3 years Ago
Up