ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံ

September 14, 2018

သတ္တုသန့်​စင်​စက်​ရုံအနံ့ဆိုးကြောင့် တောင်ကြီးဒေသခံများ၏ စိုက်​ခင်းနှင့်ကျန်းမာ​ရေး ဆိုးရွားစွာထိခိုက်

ရှမ်းပြည်​နယ်​​တောင်​ပိုင်း ​တောင်​ကြီးမြို့နယ်​ ဘုရားငါးဆူ​ကျေးရွာအနီးရှိ ခ​နောက်​စိမ်းသတ္တုသန့်​စင်​စက်​ရုံက ထွက်​ရှိတဲ့ အနံ့ဆိုး၊ အ​ငွေ့၊ မီးခိုး​တွေ​ကြောင့် အနီးရှိ ​ကျေးရွာ​ ၆ ရွာက စိုက်​ခင်းတွေ ပျက်​စီးပြီး ကျန်းမာ​ရေး ထိခိုက်​တာတွေ ခံစား​နေရပါတယ်​။ အဲဒီခ​နောက်​စိမ်းသန့်​စင်​စက်​ရုံဟာ စနစ်​တကျ ပြုလုပ်​ခြင်းမရှိတဲ့အတွက်​ ဆိုးကျိုးခံစား​နေရတာကို ​ဒေသခံ​တွေက အစိုးရထံ တိုင်​ကြားပြီး ကွင်းဆင်းစစ်​​ဆေးတားမြစ်​ထား​ပေမယ့် ခိုးပြီးပြန်​လည်​​နေတယ်​လို့ ပုန်းစိမ်းကျေးရွာနေ ကိုသန်းစိုးက ပြောပါတယ်။ “ကျနော်တို့ စာတင်​​တော့ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်​​နေ့ ခရိုင်​အစိုးရရုံးမှာ​ ခေါ်​ပြောတယ်​။ စက်​ရုံမန်​​နေဂျာ​တွေလည်းပါတယ်​။ လူကြီးတွေ ကွင်းဆင်​စစ်​​ဆေးချိန်​မှာ အန္တရာယ်​ရှိမှန်း သူတို့သိတယ်၊​ ပြင်​ကိုပြင်​ရမယ်​ ပြင်​​နေတဲ့ကာလမှာ လုံးဝမလည်​ရဘူး၊ စက်ရုံမန်​​နေဂျာ လည်း ကတိ​ပေးတယ်​။ ဒါ​ပေမယ်​ ​လေးငါရက်​ပဲ နားပြီးပြန်​လည်​တယ်​၊ စက်​ရုံက အနံ့ဆိုး​တွေ မီးခိုး​တွေပြန်​ရ​နေတယ်​။” စက်​ရုံကထွက်​တဲ့ မီးခိုး၊ အနံ့ဆိုးနဲ့ အ​ငွေ့​တွေ​ကြောင့် ပတ်​ဝန်းကျင်​က စိုက်​ထားတဲ့ ကန်​စွန်းဥ၊ ပဲစဉ်းငုံ၊ ​ပြောင်း စတဲ့ သီးနံ​တွေ ပျက်​ဆီးဆုံးရှုံး​နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စိုက်ခင်းပျက်စီးသွားတဲ့ တောင်သူ ခွန်ကျော်စွာက “စက်​ရုံက မီးခိုး​ငွေ့​တွေ​ကြောင့် ကျနော့် ကန်​စွန်းဥအပင်​​တွေ ပျက်​စီးသွားပြီး အပင်​ညှိုးကုန်​တယ်​ မဥ​တော့ဘူး။ ဒီမီးခိုး​ငွေ့​တွေက ဘယ်​အပင်​မှမခံနိုင်​ဘူး။ ​ပြောင်းပင်​ဆို အဖူးမထွက်​​တော့ဘူး၊ ​ပေါက်​ပင်​ကြီး​တောင် ​ညှိုးကုန်​တယ်​။ ကျနော့် ခြံဆို တန်​ဖိုး သိန်း​လေးငါးဆယ်​ရှိတယ်။ လူငှါးတာ တရက်​ရှစ်​​ထောင်​​ပေးရတယ်။” ဒီလို ဆိုးကျိုး​တွေ ခံစား​နေရတဲ့အတွက်​ စက်​ရုံ ပိတ်​သိမ်း​ပေးဖို့  ​ဒေသခံ​တွေက လိုလားနေကြပါတယ်​။ ​တောင်​ကြီးမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး ဦးမင်းစိုးက​ “သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​ရေးအဖွဲ့၊ သတ္ထုဌာနနဲ့ အုပ်​ချုပ်​​ရေး​တွေ ​ခေါ်ပြီး အကြံပြုချက်​ ၁၀ ချက်​​ကျော်​ ​ဆောင်​ရွက်​ဖို့ ချ​ပေးလိုက်တယ်​။ စက်​ရုံမှူး​တွေ​ခေါ်​ပြောပြီးပြီ စက်​ရုံ ပြင်​ရမယ့်ဟာ​တွေကို၊ ပြင်​ဆင်​ကာလမှာ စက်​ရုံမလည်​ရဘူးလို့​ပြောထားတယ်​၊ ပြန်​လည်​​နေရင်​ ပြန်​စစ်​ရလိမ့်​မယ်​။ စီးပွား​ရေးအတွက်​ ပြည်​သူ​တွေ ထိခိုက်​ရင်​ လုပ်​လို့မရဘူး” လို့ ပြောပါတယ်​။ အဲဒီစက်​ရုံ ပြန်​လည်​တာနဲ့ပတ်​သက်​ပြီး စက်​ရုံက တာဝန်​ရှိသူကို သွား​ရောက်​​မေးမြန်းရာ စက်​ရုံ မန်​​နေဂျင်းဒါရိုက်​တာ ခရီးလွန်​​နေလို့ ဆိုပြီး ပြန်​လည်​​ဖြေကြား​ပေးခြင်းမရှိပါ။ အဲဒီစက်ရုံက အနံ့ဆိုးကို ရှူမိပါက အာ​ခေါင်​​ခြောက်တာ၊ မူး​ဝေတာ၊ အသက်​ရှူမဝတာ၊ ​အော့အံတာ စတဲ့​ရောဂါ​တွေ ခံစား​နေရတယ်​လို့ ​​ဒေသခံ​တွေက​ ပြောပါတယ်​။ ​နောင်​လံ ​ကျေးရွာ ရွာသူကြီး ဦးမောင်လေးက “ရွာသူရွာသား​တွေက ပိတ်​ချင်​တာ​ပေါ့။ ရပ်​ဆိုင်းချင်​တာ​ပေါ့။ ရွာသူရွာသား​တွေခံရပြီ​လေ အသက်​ကြီးသူ​တွေ​ ခေါင်းတအားမူးကြတယ်​။ အဲ​ဘေးမှာလည်း လုပ်​စားတာ ပြဿနာတက်​တက်​ပြီး​တော့ စိတ်​ညစ်​ကုန်​ကြပြီ” လို့ ပြောပါတယ်။ စက်​ရုံကြောင့် ​တောင်​ကြီးမြို့နယ်​ နဲ့ ဟိုပုံးမြို့နယ်​ရှိ ​နောင်​လံ၊ ဟံး​ခြောက်​၊ ဘုရားငါးဆူ၊ ပုန်းစိမ်း၊ ​ညောင်​ဖြူရွာနဲ့ လွယ်​​နောင်​​ကျေးရွာ​ခြောက်​ခုက ကျန်းမာ​ရေး နဲ့စိုက်​ခင်းပျက်​ဆီးမှုကို ဆိုးရွားစွာခံစား​နေရတာပါ။ အဲဒီစက်​ရုံက ​ငွေကမ္ဘာ​ကျော်​ သတ္ထုကုမ္ပဏီက ၂၀၁၂-၂၀၁၃ က စတင်​လုပ်​​ဆောင်​ပြီး ၂၀၁၄ ​မှစတင်​လည်​ပတ်​​ကြောင်း သိရပါတယ်​။ သတင်းနှင့်ဓာတ်ပုံ - ခွန်ရာဇာ  
3 years Ago
Up