ခုန်ဆင်း (ရုပ်သံ)

December 23, 2017

မီးလောင်နေသည့် အထပ်မြင့်အဆောက်အအုံမှ အမျိုးသားတဦး ခုန်ဆင်း (ရုပ်သံ)

တောင်ကိုရီးယားနိုင်ငံ ဂျေချွန်းမြို့မှာ မီးစွဲလောင်နေတဲ့ ၈ ထပ် အဆောက်အအုံ တခုကနေ အမျိုးသားတဦး ခုန်ဆင်းလွတ်မြောက် အသက်ရှင်ခဲ့တယ်လို့ သိရပါတယ်။ အထပ်မြင့်အဆောက်အုံက ခုန်ဆင်းလာတဲ့ အမျိုးသားကို မီးသတ်သမားတွေက လေမွေ့ရာနဲ့ ကယ်တင်ခဲ့တာဖြစ်ပြီး အဲဒီအမျိုးသား ဒဏ်ရာဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ရရှိလဲဆိုတာတော့ မသိရှိရပါဘူး။ ဂျေချွန်းမြို့ရဲ့ အထပ်မြင့်အဆောက်အအုံက ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၅၃ မိနစ်မှာ မီးစလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုမှာ လူပေါင်း ၂၉ ဦး သေဆုံးခဲ့ကာ သူတို့ထဲက အများစုက ချွေးထုတ်ခန်းထဲ ရောက်နေကြတာပါ။ သေဆုံးသူတွေထဲမှာ တဦးကလွဲရင် အားလုံးကို ဘယ်သူဘယ်ဝါဆိုတာ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်က ဖော်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့ ဘယ်လို ကိုင်တွယ် ဆောင်ရွက်နေသလည်းဆိုတာကို သိရှိဖို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ သမ္မတ မွန်းဂျဲ အခင်းဖြစ်ပွားရာနေရာဆီ လာရောက်ကြည့်ရှုခဲ့ပြီ ဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။ ဘာကြောင့် မီးလောင်မှု ဖြစ်ခဲ့လဲဆိုတာ သေသေချာချာ စုံစမ်းမယ်လို့လည်း သမ္မတက ကတိကဝတ် ပြုခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဂျေချွန်းမြို့ အာဏာပိုင်တွေက သေဆုံးသူတွေရဲ့ အသုဘစရိတ်ကို ထောက်ပံ့မှာဖြစ်သလို ဒဏ်ရာရသူတွေကိုလည်း ငွေကြေးထောက်ပံ့မယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို တဦးချင်း နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ပေးမယ်လို့လည်း ပြောလိုက်ပါတယ်။ မီးလောင်မှုက အဆောက်အအုံရဲ့ မြေအောက် ကားရပ်နားရာ နေရာက စတင်ခဲ့တာဖြစ်ပြီး အဆောက်အအုံရဲ့ ဆောက်လုပ်မှု မမှန်ကန်ပုံက သေဆုံးမှု ပိုမိုဖြစ်စေတယ်ဆိုကာ လူတွေက ဒေါသထွက် ဝေဖန်နေကြပါတယ်။ အမျိုးသားတဦးကလည်း သူ့ရဲ့ မိခင်၊ ဇနီးနဲ့ သမီးတို့ သေဆုံးခဲ့တယ်လို့ ယွန်ဟက်ပ်သတင်းကို ပြောလိုက်ပြီး နောက်ထပ် အမျိုးသားတဦးကတော့ မီးခိုးတွေထဲ ပိတ်မိနေတဲ့ သူ့ဇနီးရဲ့ ဖုန်းခေါ်ဆိုမှုကို ပထမပိုင်း ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အဆက်အသွယ် ပြတ်တောက်ခဲ့တယ်လို့ ပြောကြောင်း မေရာသတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up