ခုတ်မောင်းနေတဲ့ ရထားတစင်းရဲ့ ခေါင်မိုးပေါ်မှာ စက်ဘီးစီးပြဖို့ ဆိုတာကတော့ တကယ့်ကို စွန့်စားလွန်းရာ ကျပါလိမ့်မယ်။
ဒါပေမယ့် ရုရှားနိုင်ငံသား လူငယ်စက်ဘီးသမား ၂ ဦးကတော့ ဒါကို လုပ်ပြနိုင်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းတပုဒ်မှာ ဇူလိုင် ၂၄ ရက်နေ့က ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့အနီး ဖယိုင်ရာဇီနိုမြို့ကနေ ဖြတ်သွားတဲ့ ရထားတစင်းပေါ်မှာ ဖြစ်ခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လူငယ် ၂ ဦးဟာ ခုတ်မောင်းနေတဲ့ရထားရဲ့ နောက်ပိုင်းကနေ ချိတ်တွယ်ပြီး ဘီအမ်အက်ခ်စ် အမျိုးအစား စက်ဘီးတစီးကို ခေါင်မိုးပေါ် ခက်ခက်ခဲခဲ တင်ခဲ့ကြတာ တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ သူတို့ဟာ စက်ဘီးကို တလှည့်စီစီးဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး မစီးနိုင်ခင်မှာ တယောက်က လဲကျခဲ့တာကို တွေ့ရပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ချိန်မှာတော့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။
သူတို့ထဲက တယောက်ဖြစ်တဲ့ ရိုမန် ရှီရိုကော့ဗ်က “လူတွေဟာ မြေပြင်မှာပဲ စက်ဘီးကို စီးလေ့ရှိကြတယ်။ ဒါဟာ ကျနော်တို့အတွက်တော့ ပျင်းစရာကောင်းတယ်။ ဒါကြောင့် ကျနော်တို့ ရထားခေါင်မိုးပေါ်တက်ပြီး စီးဖို့ ကြိုးစားခဲ့ကြတာ” လို့ ပြောပါတယ်။
အင်တာနက်အသုံးပြုသူတဦးဖြစ်တဲ့ အက်စ်ဗက်တ်လန်နာ ဘရစ်ဇ်က “သူတို့ဟာ ဆယ်ကျော်သက်လူငယ်တွေကြား သူတို့ကို အားကျစေချင်တာဖြစ်မယ်။ သူတို့ တကယ်မသိတာက ကလေးတွေဟာ ခုလိုမျိုး အန္တရာယ်များတဲ့ အပြုအမူမျိုး လိုက်လုပ်ကြမှာကိုပဲ” လို့ ပြောပါတယ်။
ဆလက်စ်ဆာ့ပ်အမည်နဲ့ အင်တာနက်အသုံးပြုသူတဦးကတော့ “သူတို့မှာ ဦးနှောက်မရှိကြဘူး။ စိတ်ထဲရှိတာ လုပ်ချင်တာပဲရှိတယ်” လို့ ဝေဖန် မှတ်ချက်ရေးခဲ့ပါတယ်။
6 years Ago