မြန်မာပြည်ဘက်ကနေ ထိုင်းနိုင်ငံထဲ ခိုးဝင်တဲ့ တရုတ်နိုင်ငံသား ၃ ယောက်ကို ဘတ်သိန်း ၈၀ လောက်နဲ့အတူ မဲဆောက်မြို့မှာ ဖမ်းမိခဲ့ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃ ယောက်ဟာ မြဝတီမြို့တောင်ဘက် ၅ မိုင်လောက်အကွာကနေ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့တာကြောင့် ထိုင်းခြေလျင်တပ်ရင်း ၄ က စစ်ဆေးခဲ့ပါတယ်။
ပြီးတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်တာ ထိန်းချုပ်ရေးအတွက် လုံခြုံရေး တင်းကျပ်ထားချိန် ဖြစ်လို့ ဌာနဆိုင်ရာ ရဲ၊ လ.ဝ.က၊ အုပ်ချုပ်ရေးနဲ့ နယ်စပ်ရဲတပ်ဖွဲ့တို့ကို ဆက်လက်တိုင်ကြားခဲ့ပြီး စစ်ဆေးရာမှာ လက်ကိုင်ဖုန်းနဲ့ တခြားပစ္စည်းတွေအပြင် ဘတ်ငွေ သိန်း ၈၀ လောက်ကို တွေ့ပြီး ဖမ်းဆီးလိုက်ပါတယ်။
တရုတ်နိုင်ငံသား ၃ ယောက်ဟာ အသက် ၂၆ နှစ်၊ ၂၉ နှစ်နဲ့ ၃၆ နှစ်အရွယ်တို့ ဖြစ်ကြပြီး သူတို့ကို မဲဆောက်မြို့မရဲစခန်းမှာ ဖမ်းဆီးထားကာ ဥပဒေအတိုင်း ဆက်လက် အရေးယူမယ်လို့ သိရပါတယ်။
၂၀၂၀ ပြည့်နှစ် မတ်လကစပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မြဝတီ မဲဆောက်နယ်စပ်ကို လုံခြုံရေးတင်းကျပ် ပိတ်ထားပြီး မြန်မာဘက်ကနေ ထိုင်းကိုခိုးဝင်တဲ့ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏဆိုသလို ဖမ်းဆီးခံနေရပါတယ်။
ဖိုးစီ
2 years Ago