ခိုးယူခံရ

April 16, 2020

မင်းရာဇာနေအိမ်တွင် အိမ်အကူလုပ်ခဲ့သည့် အမျိုးသမီးငယ်အတွက် လှူဒါန်းငွေများ ခိုးယူခံရ

သရုပ်ဆောင်မင်းရာဇာရဲ့ နေအိမ်မှာ  အိမ်အကူလုပ်ခဲ့တဲ့ အမျိုးသမီးငယ်အတွက် စေတနာရှင်တွေက  လှူဒါန်းထားတဲ့ ငွေကျပ်၁၀ သိန်းနဲ့အတူ ဖုန်းတစ်လုံး ခိုးယူသွားခြင်းခံခဲ့ရ ပါတယ်။  သရုပ်ဆောင်မင်းရာဇာရဲ့ နေအိမ်မှာ အိမ်အကူအဖြစ်လုပ်ကိုင်ခဲ့တဲ့ အမျိုးသမီးငယ်ဟာ ဦးခေါင်းဒဏ်ရာ၊ မိန်းမကိုယ်ဒဏ်ရာတွေနဲ့ မြောက်ဥက္ကလာ မေဓာဝီဆေးရုံမှာ ဆေးကုသမှုခံယူနေရတာပါ။ အဲဒီအိမ်အကူအမျိုးသမီးငယ်လေးရဲ့ ဦးလေးဖြစ်သူအပါအဝင် လူနာစောင့်ငါးဦးဟာ ဆေးရုံက စီစဉ်ပေးထားတဲ့ မူလတန်းကြိုကျောင်းတစ်ခုမှာ တည်းခိုနေထိုင်တာဖြစ်ပါတယ်။ ဧပြီလ ၁၅ ရက်နေ့ညမှာတော့ အိမ်အကူအမျိုးသမီးငယ်အတွက် ပြင်ပကလှူဒါန်းထားတဲ့ ငွေကျပ် ၁၀ သိန်းနဲ့အတူ ဖုန်းနဲ့မှတ်ပုံတင်ထည့်ထားတဲ့ ဦးလေးဖြစ်သူ ဦးမိုးကျော်ရဲ့ အိတ်ဟာ အခိုးခံလိုက်ရတာလို့ အမျိုးသမီးငယ်အမှုကိုလိုက်ပါကူညီနေတဲ့ ဒေါ်စောခင်သူဇာကပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ရဲစခန်းကိုတော့ အကြောင်းကြားထားတယ်လို့ဆိုပါတယ်။ အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်ခဲ့တာတွေ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တာတွေ၊ ဦးခေါင်းကို ထုရိုက်ခဲ့တာတွေ စတဲ့စွပ်စွဲချက်တွေနဲ့ သရုပ်ဆောင်မင်းရာဇာအပါအဝင် (၄)ဦးကို ဖမ်းဆီးပြီး  ပုဒ်မ (၄) ခုနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။ အမျိုးသမီးငယ်ရဲ့ ကျန်းမာရေးအခြေအနေကတော့ လက်ရှိမှာ တိုးတက်ကောင်းမွန်တယ်လို့ ဒေါ်စောခင်သူဇာက ပြောပါတယ်။ ထက်ဝေအောင်
2 years Ago

November 26, 2019

ဂျာမန်ပြတိုက်ရှိ စိန်နှင့် ပတ္တမြားစီခြယ် အဖိုးတန်လက်ဝတ်ရတနာ ၃ ခု ခိုးယူခံရ 

ဂျာမနီနိုင်ငံ အရှေ့ပိုင်းက ပြတိုက်တခုကနေ ၁၈ ရာစုက စိန်တွေ၊ ပတ္တမြားတွေနဲ့ မြတွေ စီခြယ်ထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဝတ်ရတနာ ၃ ခုကို သူခိုးတွေက မနေ့မနက်အစောပိုင်းမှာ ခိုးယူသွားခဲ့တယ်လို့ ဒရတ်စ်ဒန်မြို့ ရဲနဲ့ ပြတိုက် အရာရှိတွေက ပြောပါတယ်။  အမျိုးသား ၂ ယောက်က ဒရက်စ်ဒန် နန်းတော်ထဲက ဂရင်းဗော့ထ် ပြတိုက်ထဲကို ပြတင်းပေါက်ကတဆင့် ဖောက်ထွင်းဝင်လာပုံကို လုံခြုံရေး ကင်မရာတွေက ရုပ်သံ ရိုက်ကူးထားခဲ့တာပါ။ သူတို့ဟာ ပြခန်း ၃ ခုကို ဖျက်ဆီးပြီး တခြား အသုံးအဆောင်ပစ္စည်းတွေကို ဖယ်ရှားရင်း လက်ဝတ်ရတနာတွေကို ခိုးယူသွားခဲ့ပါတယ်။ ပြတိုက်ညွှန်မှူး မာရီယွန် အက်ခ်ခါမဲန်းက “အခိုးခံရတဲ့ ဒီပစ္စည်းတွေကို သာမန် ဈေးကွက်ထဲမှာ ရောင်းချဖို့ မဖြစ်နိုင်ဘူး။ ဒီပစ္စည်းတွေဟာ အနုပညာသမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု သမိုင်းကြောင်းအရ တန်ဖိုးမဖြတ်နိုင်ဘူး”လို့ ပြောပါတယ်။ လုယက်မှု ကျူးလွန်ချိန်မှာ လမ်းမီးတွေ ပျက်နေပြီး ပြတိုက်အပြင်ဘက်က ရင်ပြင်တခုလုံး မှောင်မည်းနေတယ်လို့ ရာဇဝတ်မှုဆိုင်ရာ ရဲချုပ် ဗောလ်ကာ လန်းဂ်က ပြောပါတယ်။
2 years Ago
Up