ခိုးယူခဲ့သူ

August 12, 2021

တောင်ကုတ်မြို့၌ လက်ဝတ်ရတနာ ကျပ်သိန်း ၄၀၀ ကျော်ဖိုး ခိုးယူခဲ့သူ ၁ ဦးကို ဖမ်းမိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်ရောင်းချတဲ့နေအိမ် တစ်အိမ်ကနေ ရွှေတွေနဲ့ လက်ဝတ်ရတနာ ကျပ် သိန်း ၄၀၀ ကျော်ဖိုး ခိုးယူသွားသူ တစ်ဦးကို  ဩဂုတ် ၁၁ ရက်ညနေက ဖမ်းဆီးရမိခဲ့တယ်လို့ တောင်ကုတ်ရဲစခန်းကသိရပါတယ်။ 

သြဂုတ် ၈ ရက်နေ့လယ်က စျေးဝယ်သူ ဟန်ဆောင်သူ အမျိုးသား တစ်ဦးက အဆိုပါ နေအိမ် အပေါ်ထပ်ရှိ ရွှေတွေနဲ့ လက်ဝတ်ရတနာ သိန်း ၄၀၀ ကျော်ဖိုးကို ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။

သြဂုတ် ၉ ရက်မှာတော့ နေအိမ်ပိုင်ရှင်က တောင်ကုတ်မြို့မရဲစခန်းမှာ လာရောက်အမှုဖွင့် လှစ်ခဲ့ပြီးနောက် နေအိမ်မှာတပ်ဆင်ထားတဲ့ CCTV မှတ်တမ်းတွေအရ မသင်္ကာစရာ  အမျိုးသား တစ်ဦးကို တွေ့ရှိရပြီး စုံစမ်းရာမှ ၃ ရက်အကြာ ဩဂုတ် ၁၁ ရက်ညနေက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ တာဖြစ်တယ်လို့  ရဲအုပ် ခင်မောင်ဆန်းက ပြောပါတယ်။

“ တရားခံကို အဲဒီမှာရှိတဲ့ CCTV မှတ်တမ်းတွေနဲ့ တရားခံ စီးတဲ့ ဆိုင်ကယ်ပုံသဏ္ဌာန်တွေ လိုက်ရှာရင်းနဲ့ ဆက်စပ်တွေးပြီး တရားခံကို တိကျတယ်ဆိုပြီးတော့မှ ဖမ်းဆီးစစ်ဆေးတာပေါ့။ အဲဒီလို စစ်ဆေးလိုက်တော့ တရားခံက ဟုတ်တယ်ဆို​ပြီးဝန်ခံတယ်။ ပြီးတော့သက်သေခံ ပစ္စည်း တွေပါ လိုက်လံပြသပေးလို့ ကျနော်တို့ သိမ်းဆည်းထားပြီးပါပြီ။ ပစ္စည်းတွေက စိန်ဘယက်ရယ်၊ စိန်ဆွဲကြိုးရယ်၊ စိန်နားကပ်ရယ်၊ စိန်လက်ကောက်တွေ အားလုံးရတနာပစ္စည်း ၁၀ မျိုးပေါ့၊ ငွေသား တော့ မပါပါဘူး”လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ ကိုအောင်ဇော်ဟိန်းကို တောင်ကုတ်မြို့မရဲစခန်းက ခိုးမှုရာဇသတ်ကြီး ပုဒ်မ ၃၈၀ အရ အမှုဖွင့် စစ်ဆေးနေပါတယ်။

4 months Ago
Up