ခိုးမှု၊

A d v e r t i s e m e n t With Us

January 11, 2020

ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ အသရေဖျက်မှု၊ ခြောက်လှန့်မှု (ဥပဒေရေးရာ အမေးအဖြေ)

ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ အသရေဖျက်မှု၊ ခြောက်လှန့်မှု စတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေရေးရာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာတွေကို ဦးခင်မောင်မြင့် (ဥပဒေအကြံပေး) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး ။ “မြို့နယ်အနှံ့အပြားမှာ ပစ္စည်းတွေ ခိုးခဲ့သူတယောက် အဖမ်းခံရတဲ့အခါ သူ.. ခိုးခဲ့တဲ့ မြို့နယ်တိုင်းမှာ တရားစွဲခံရပါမည်လား။ မြို့နယ် ၃ မြို့နယ်မှာ ကျုးလွန်ခဲ့ရင် အဲဒီမြို့နယ်တိုင်းက ပြစ်မှုတစ်ခုချင်းစီအတွက် ပြစ်ဒဏ်တခုစီ ချမှတ်မှာလား။ ပြစ်မှု အားလုံးအတွက် တပေါင်းတစည်းတည်း ကျခံရမှာလား ဆိုတာကို ဥပဒေဗဟုသုတအနေနဲ့ သိလိုပါတယ်။” ဖြေ ။ ပြစ်မှုကို အဓိပ္ပာယ်သတ်မှတ်တဲ့နေရာမှာ ရာဇဝတ်မှုမကင်းတဲ့ ပြုလုပ်မှု၊ သို့မဟုတ် ပျက်ကွက်မှုက ပြစ်မှုဖြစ်တယ်လို့ ဖွင့်ဆိုပါတယ်။ ဒါကြောင့်မို့ သာမန်အားဖြင့်ပြောရင် ရာဇဝတ်မှုမကင်းတဲ့ ပြုလုပ်မှု တခုစီတိုင်း တခုစီတိုင်းအတွက် ပြစ်မှုထင်ရှားရင် အရေးယူခံရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မေးခွန်းအရဆိုရင် မြို့နယ် သီးခြားပေါ့။ မြို့နယ်တခုချင်း တခုချင်းစီမှာ ဒီခိုးမှုတွေကို ကျူးလွန်ခဲ့တာ ဖြစ်တဲ့အတွက် အဲဒီခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ မြို့နယ်တခုချင်းစီတိုင်းမှာပဲ ပြစ်မှုတခုချင်းစီအတွက် ဒါ တရားစွဲဆိုခြင်း ခံရမယ်။ ပြစ်မှုထင်ရှားရင်လည်းပဲ ပြစ်ဒဏ်စီရင်ခြင်းခံရမှာ ဖြစ်ပါတယ်။ သို့သော်လည်း အကယ်၍ မြို့နယ်တခုချင်းစီမဟုတ်ဘဲနဲ့ မြို့နယ်တခုတည်းအတွင်းမှာပဲ နေရာ ၃ နေရာမှာ ဖြစ်မယ်ဟေ့ ဆိုရင်တော့ ဒါ ကျင့်ထုံးဥပဒေပုဒ်မ ၂၃၄ အရ အဲဒီပြစ်မှုတွေကို တပေါင်းတည်း စစ်ဆေးစီရင်လို့ ရပါတယ်။ တပေါင်းတည်း.. စွဲချက်တခုတည်း တင်ပြီးတော့ စစ်ဆေးလို့ရပါတယ်။ ဒါကြောင့် အဓိကအားဖြင့် သူ ကျူးလွန်တဲ့ ပြုလုပ်မှုသည် မြို့နယ်တခုတည်းအတွင်းမှာ ဖြစ်တာလား။ ၃ ခုဆိုရင် ပေါင်းလို့ရတယ်။ သီးခြားမြို့နယ်တခုချင်း တခုချင်း ဆိုရင်တော့ ပြုလုပ်မှုတိုင်းအတွက် အရေးယူခံရမှာ ဖြစ်ပါတယ်။ မေး ။ “ကျနော့်သူငယ်ချင်းတယောက်က မူးယစ်ဆေးဝါးစွဲနေတယ် ဆိုတာ အပေါင်းအသင်းတွေနဲ့ အိမ်နားနီးချင်းတွေ အကုန်လုံး သိကြပါတယ်။ တကယ်လို့ ရဲက သူ့ကို ဖမ်းမယ်ဆိုရင် မူးယစ်ဆေးဝါးကို လက်ဝယ်တွေ့မှ ပြစ်မှုမြောက်တာလား၊ သံသယရှိလို့ ဖမ်းဆီးပြီး ဆီးစစ်တဲ့အခါ သုံးထားကြောင်းတွေ့ရင် ဘယ်လိုပုဒ်မတွေနဲ့ တပ်ပြီး အရေးယူမှာလဲ ဆိုတာကို သိပါရစေ ဆရာ။” ဖြေ ။ ပြောမယ်ဟေ့ဆိုရင် ဒီမူးယစ်ဆေးဝါးမှုက အင်မတန်ကျယ်ပြန့်တဲ့အတွက် သာမန်အားဖြင့် မူးယစ်ဆေးဝါး သုံးစွဲနေရုံနဲ့တော့ သူ့ကို အရေးယူလို့မရဘူး။ နံပါတ် (၁) က တိုင်းတန်းသူ၊ (သို့မဟုတ်) သတင်းပေးပို့ချက် ရှိရမယ်။ အဲဒါအရပဲ ရဲက ဝင်ရောက် စစ်ဆေးရမှာပေါ့။ ဝင်ရောက်စစ်ဆေးတဲ့အခါမှာလည်း သူသည် မူးယစ်ဆေးဝါး သုံးစွဲကြောင်း ခိုင်လုံတဲ့ သက်သေခံ အထောက်အထားတွေပေါ့။ သက်သေခံ အထောက်အထား  လို့ဆိုရာမှာ မူယစ်ဆေးဝါး သုံးစွဲတဲ့နေရာမှာ သုံးတဲ့ပစ္စည်းကိရိယာတွေ၊ သို့မဟုတ် သူ မူးယစ်ဆေးဝါး သုံးစွဲနေတာကို မြင်တယ်၊ တွေ့တယ်ဆိုတဲ့ ဒီမျက်မြင်သက်သေတွေ အထင်အရှား ရှိဖို့ လိုပါတယ်။ သာမန်အားဖြင့် စစ်ဆေးလိုက်တဲ့အခါမှာ သုံးစွဲတယ်လို့၊ သံသယရှိလို့ စစ်ဆေးလိုက်ရုံနဲ့ ကျနော်တို့က CID ပေါ့၊ မှုခင်းတပ်ဖွဲ့ကို ပေးပို့ပြီးတော့ သူ့ ဆီးနမူနာကို စစ်ဆေးလိုက်တယ်။ စစ်ဆေးလိုက်တဲ့အခါမှာ lab result ဓာတ်ခွဲခန်း စမ်းသပ်ချက်အရ ဒါ မူယစ်ဆေးဝါးသုံးစွဲထားတယ်လို့ ထင်ရတဲ့ positive အဖြေ ထွက်လာ သည့်တိုင်အောင် ခိုင်လုံတဲ့သက်သေတွေ မရှိရင် အရေးယူလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ lab result က ဘယ်လို မူးယစ်ဆေးဝါးအမျိုးအစားကို သုံးစွဲထားတယ်ဆိုတာ သူက တိတိကျကျ အဖြေထုတ်ပေးနိုင်တာ မဟုတ်ဘူး။ ဒီဆီးထဲမှာ မူးယစ်ဆေးဝါး သုံးစွဲထားတဲ့လက္ခဏာ ရှိတယ်ဆိုတဲ့ ထင်မြင်ယူဆချက် expert opinion ပေးသူ ပေးနိုင်တယ်။ ဆိုကြပါစို့။ ကျနော်တို့က မူးယစ်ဆေးဝါး မသုံးစွဲထားဘဲနဲ့ အရက်သေစာကို စွဲစွဲမြဲမြဲ သောက်သုံးတဲ့သူတွေ၊ သို့မဟုတ် မဖမ်းဆီးမီကာလအတွင်းမှာ အရက်သေစာ သုံးစွဲထားတဲ့ သူတွေ၊ တချို့ နာတာရှည်လူနာတွေမှာ ဒီမူးယစ်ဆေးဝါးနွယ်ဝင်ဖြစ်တဲ့ မော်ဖင်းတို့၊ ပက်သဒင်း တို့ ပါတဲ့ဆေးဝါးတွေကို သုံးစွဲထားမယ်။ အဲဒီလိုဆေးတွေကို ထိုးသွင်းခံထားရမယ်၊ သို့တည်းမဟုတ် ဆေးခြောက်တို့ ဒါမျိုးတွေကို သုံးစွဲထားတဲ့လူတွေဆိုရင် သူတို့ကို ဆီးနမူနာ စစ်တဲ့အခါမှာ တွေ့နိုင်တယ်။ သာမန်အားဖြင့်တော့ သူ မူးယစ်ဆေးဝါး သုံးစွဲတယ်လို့ သိရုံနဲ့တော့ ဒါအရေးယူခြင်း မခံရနိုင်ဘူး။ လုံလောက်တဲ့ သက်သေတွေ ရှိမှ၊ လုံလောက်တဲ့ သက်သေတွေ ရှိတယ်ဆိုရင်လည်းဘဲ သူ့လက်ထဲမှာ ဒီမူးယစ်ဆေးဝါးကို ထင်ထင်ရှားရှား ဖမ်းဆီးရမိခြင်းမရှိဘဲနဲ့ သူ့ကို လက်ဝယ်တွေ့ရှိမှုနဲ့ အရေးယူလို့ မရဘူး။ ထင်ထင်ရှားရှားတွေ့တယ်ဟေ့ ဆိုရင်တော့ အခုနောက်ဆုံးပြဋ္ဌာန်းထားတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ ၁၉ အရ လက်ဝယ်တွေ့ရှိမှုနဲ့ အရေးယူလို့ရတယ်။ အကယ်၍ သုံးစွဲတယ်၊ သုံးစွဲတဲ့အခါမှာ သူ့လက်ထဲမှာ ဆေးဝါးတော့ မဖမ်းဆီးမိဘူး၊ သို့သော် သူ သုံးစွဲထားကြောင်း သူ့ခန္ဓာကိုယ်မှာ ထင်ရှားတဲ့ အမှတ်လက္ခဏာတွေ ရှိမယ်။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ပစ္စည်းကိရိယာတွေကို မိမယ်။ ဆီးနမူနာကလည်း အောင်နေမယ် ဆိုရင်တော့ ပုဒ်မ ၁၅ အရ သုံးစွဲမှုနဲ့ဘဲ အရေးယူခံရမှာပေါ့ ။ သို့သော်လည်း ဒီ ၂၀၁၈ မှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရကျတော့ သုံးစွဲသူတွေက လူမှုရေးပြစ်ဒဏ်ပဲ ချမှတ်ရမှာ ဖြစ်တဲ့အတွက် ဒီဥပဒေရဲ့ နည်းဥပဒေပေါ်ပေါက်လာပြီ ဆိုရင်တော့ သုံးစွဲသူတွေဟာ ထောင်ဒဏ်ကျခံဖို့ မရှိဘူး။ လူမှုရေးပြစ်ဒဏ်တွေပဲ ကျခံဖို့ ရှိပါတယ်။ မေး ။ “လွန်ခဲ့တဲ့လက ကျနော့်ရဲ့ အိမ်ခန်းအတွင်း ငွေသိန်း ၂၀၀ ပျောက်ဆုံးခဲ့ပါတယ်။ ယူသွားတဲ့သူကို အသက် ၁၀ နှစ်အရွယ် ကျနော့်သမီးက မြင်ပါတယ်။ ရဲစခန်းတိုင်တော့ ပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားပေးပါတယ်။ သံသယရှိသူတွေကို တန်းစီခိုင်းတော့ သမီးဖြစ်သူက ခိုးတဲ့သူကို ၃ ကြိမ်တိတိ လက်ညှိုးထိုးပြီး ပြပါတယ်။ အမှုကိုတော့ ရုံးမတင်ရသေးပါ။ စွပ်စွဲခံရသူကို အာမခံပေးထားပါတယ်။ ကျနော် သိလိုတာက တကယ်လို့များ အကြောင်းအမျိုးမျိုးကြောင့် စွပ်စွဲခံရသူက လွတ်မြောက်သွားမယ်ဆိုရင် ကျနော့်သမီးကို အသရေဖျက်မှုနဲ့ ပြန်ပြီး တရားစွဲခံရနိုင်သလား ဆိုတာကို သိပါရစေ။” ဖြေ ။ ဥပဒေအရ တိတိကျကျ ပြောမယ်ဆိုရင်တော့ တရားစွဲဆိုခွင့် မရှိပါဘူး။ တရားစွဲဆိုခဲ့မယ် ဆိုရင်လည်း တရားရုံးတွေက လက်ခံစစ်ဆေးမှာ မဟုတ်ပါဘူး။ ဘာကြောင့်တုံး ဆိုတော့ ဒီအသရေဖျက်မှုနဲ့ပတ်သက်ပြီးတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၉ မှာ အတိအကျ ပြဋ္ဌာန်းပေးထားပါတယ်။ အဲဒီမှာ ကင်းလွတ်ချက် ၁၀ ချက် ပေးထားပါတယ် ။ အသေရေဖျက်မှုနဲ့ပတ်သက်ရင် ကင်းလွတ်ခွင့် ၁၀ ခုနဲ့ ငြိစွန်းနေမယ်ဆိုခဲ့ရင် ဒါဟာ အသရေ ဖျက်မှုနဲ့ မညီဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီက စတုတ္ထကင်းလွတ်ချက်မှာ ဘာပါလဲဆိုတော့ တရားရုံး တရုံးရဲ့ မှုခင်းဆောင်ရွက်ချက်၊ သို့မဟုတ် တရားရုံးမှာ မှုခင်းဆောင်ရွက်ပြီးပြတ်ဖို့ သို့မဟုတ် အဲဒတရားရုံးမှာ မှုခင်းနဲ့ပတ်သက်တဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ သက်သေခံထွက်ဆိုချက်တွေက၊ သို့မဟုတ် တရားရုံးရဲ့ မှုခင်းဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးတော့ သူ့က ထွက်ဆိုချက်တွေသည် ဒါဟာ အသရေဖျက်မှု မမည်ဘူးလို့ အတိအကျ ပြဋ္ဌာန်းထားတဲ့အတွက် အခုမေးခွန်းမှာ ပါတဲ့ သမီးငယ်က မှုခင်းပိုင်းဆိုင်ရာတွေကို ဥပဒေနဲ့အညီ တရားရုံးဆောင်ရွက်ချက်တွေကို ဆောင်ရွက်တာခဲ့ဖြစ်တဲ့အတွက် ဒါကို ဥပဒေနဲ့ အရေးယူလို့မရပါဘူး။ အသရေဖျက်မှု မမြောက်ပါဘူး။ မေး ။ “ကျနော်က ဆိုင်ကယ် အရောင်းအဝယ်လုပ်ပါတယ်။ တခါတရံမှာ ခိုးလာတဲ့ ဆိုင်ကယ်ကို မှားဝယ်မိတဲ့အတွက် ငွေကြေးဆုံးရှုံးတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ ဆိုင်ကယ် သူခိုးကို ရဲကဖမ်းမိပြီး စစ်ဆေးတဲ့အခါ စိတ်ကူးပေါက်ရာ ဆိုင်ကယ် အရောင်းအဝယ်လုပ်တဲ့ ဆိုင်ကို လက်ညှိုးထိုးတဲ့အတွက် ကျနော်တို့မှာ အခက်အခဲတွေ ရှိလာပါတယ်။ ဒါမျိုးကို ဥပဒေအရ အကာအကွယ်ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိပါရစေ။” ဖြေ ။ ဒီဖြစ်စဉ်တွေကတော့ ပြည်သူ့လူထုကြားမှာ မကြာခဏ ကြုံတွေ့နေရတာပေါ့နော်။ ဒီဆိုင်ကယ်တွေ မဟုတ်ဘဲနဲ့ အဖိုးတန်ရတနာတွေ၊ ဖုန်းဆိုင်တွေမှာလဲ ဒါမျိုး ရောင်းမှား ဝယ်မှားတွေ ဖြစ်တာပဲ။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ဒီဥပဒေက ပြဋ္ဌာန်းထားတာကတော့ ခုနက ခိုးမှု ကျူးလွန်ရာကနေပြီးတော့မှ ရလာတဲ့ ပစ္စည်းတခုကို လက်ခံဝယ်ယူမိရင်တော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၁ အရ၊ လွယ်လွယ်ပြောရင်တော့ သူခိုး လက်ခံပေါ့နော် .. ခိုးမှု ကျူးလွန်ရာကနေ ရရှိလာတဲ့ပစ္စည်းကို လက်ခံထားတဲ့အတွက် ဒါ တရားစွဲဆိုမယ်ဆိုရင်တော့ အရေးယူခံရနိုင်ပါတယ်။ တကယ်တမ်းမှာလည်း ဒုစရိုက်လောကမှာက ဒီလိုမျိုးပစ္စည်းတွေပေါ့ .. ရာဇဝတ်မှု ကျူးလွန်ပြီး ရလာတဲ့ ပစ္စည်းတွေကို လက်ခံပြီးတော့ ထုခွဲရောင်းချပြီး စီးပွားဖြစ်နေတဲ့လူတွေလည်း ရှိတဲ့အတွက် သာမန်ရိုးဖြောင့်တဲ့ ပြည်သူပြည်သားတွေ အရောင်းအဝယ်သမားတွေကတော့ အဲဒီဒဏ်ကို ခံကျရတာပေါ့နော်။ ဥပဒေအရတော့ အရေးယူခံရပါတယ်။ သို့သော် အရေးယူမခံရအောင် ဘယ်လိုကာကွယ်မလဲဆိုတော့ ဒါ မကြာခဏလည်း အမေးခံရတယ်။ အကောင်းဆုံး ကာကွယ်နည်းကတော့ ကိုယ်က အဲဒီလို ခိုးမှုကျူးလွန်ရာက ရလာတဲ့.. သံသယရှိနိုင်တဲ့ ပစ္စည်းတွေကို လက်ခံဝယ်ယူခြင်း မပြုတာ အကောင်းဆုံးဘဲပေါ့။ ပြီးတော့ မိမိရဲ့ဆိုင်မှာ ထင်ရှားမြင်သာတဲ့ နေရာမှာ ခိုးရာပါပစ္စည်းကို လက်ခံဝယ်ယူခြင်း မပြုဘူး.. ဆိုတာကို ဆိုင်းဘုတ်လေးနဲ့ ကြေညာထားမယ် ဆိုရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ နောက်တခါ.. တခါတရံမှာ ကျနော်တို့ကို လာရောင်းတယ်။ ရိုးရိုးသားသား လာရောင်းတယ်လို့ ထင်မြင်ရင်လည်း ဝယ်တဲ့အချိန်မှာ စစ်ဆေးဖို့လိုတယ်။ ဒီရောင်းချလိုက်တဲ့ ဆိုင်ကယ်၊ သို့မဟုတ် ပစ္စည်းက မိမိကိုယ်တိုင် ဆိုင်ကဝယ်တာလား၊ ဝယ်တယ်ဆိုရင် ဝယ်တဲ့ ဘောင်ချာ။ အဲဒီဆိုင်ကယ်ဆိုရင် ဆိုင်ကယ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေပေါ့။ ဒါတွေကို စစ်ဆေးပြီးမှ ဝယ်ယူဖို့ လိုပါတယ်။ အဲဒီလိုမဟုတ်ပဲ သူက ကိုယ်တိုင်မဝယ်ခဲ့ဘူး .. အခြားသူတယောက်ဆီက တဆင့်ခံဝယ်တယ် ဆိုရင်လည်းပဲ မူရင်းအထောက်အထားအဖြစ် တဆင့်ခံ ဝယ်ယူခဲ့တဲ့ စာရွက်စာတမ်းတွေသူ စစ်ဆေးပြီး ဝယ်ယူဖို့ လိုပါတယ်။ အထူးသဖြင့်ကတော့ ဒီလိုမျိုး ခိုးရာပါပစ္စည်းတွေကို ရောင်းချတယ်ဆိုတဲ့ နေရာမှာ စျေးနှုန်းပေါ့ price (စျေးနှုန်း) က ပေါက်စျေးမဟုတ်ဘဲနဲ့ ဒီသာမန်ထက် နိမ့်ပြီးတော့မှ အင်မတန်နိမ့်ကျတဲ့စျေးနဲ့ .. လွယ်လွယ်ပြောရင် သူခိုးစျေးနဲ့ လာရောင်းပြီ ဆိုကတည်းကိုက ဒါမျိုးကို လက်ခံဝယ်ယူဖို့ ငြင်းခဲ့ရမှာပေါ့။ အဓိကအားဖြင့် ဘာပြောချင်သလဲဆိုတော့  ကိုယ်က ဥပဒေရဲ့အကာအကွယ်ကို လိုချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ဥပဒေနဲ့အညီ ဝယ်ယူရောင်းချဖို့ လိုပါတယ်လို့ ဖြေချင်ပါတယ်။ မေး ။ “ဆရာခင်ဗျား။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၀ မှာ ခြောက်လှန့်ပြီး ဖြောင့်ချက်ယူ၊ ပစ္စည်းကို ပြန်ပေးအောင် အတင်းအဓမ္မပြုရန်ဖြစ်စေ မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှုအတွက် ပြစ်မှုမြောက်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒေသအချို့မှာ ရဲက တရားခံမှားဖမ်းပြီး နှိပ်စက်တာ၊ အတင်းအကျပ် ဝန်ခံခိုင်းတာကို တွေ့ရတတ်ပါတယ်။ မှားဖမ်းပြီး နှိပ်စက်ခံရသူတယောက်အနေနဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဆီမှာ နစ်နာကြေး၊ လျော်ကြေး တောင်းခံနိုင်ပါသလား ဆိုတာကို သိပါရစေ။” ဖြေ ။ ဒါလည်း လက်တွေ့တရားစီရင်ရေးနယ်ပယ်မှာ မကြာခဏ ဆိုပေမယ့် ခေတ်အဆက်ဆက်ပါပဲ။ မကြာခဏ ကြုံတွေ့ရတယ်။ အခုနောက်ပိုင်း တရားဥပဒေစိုးမိုးရေးက အနည်းငယ် လျော့နည်းလာတဲ့အခါမှာ ဒါတွေကို တွေ့ရပါတယ်။ အဲဒီတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၀ ပြဋ္ဌာန်းချက်ကို သေချာစိစစ်လေ့လာလိုက်ရင် အပိုင်း ၂ ပိုင်း ရှိပါတယ်။ တပိုင်းကတော့ တာဝန်ရှိ အာဏာပိုင်အဖွဲ့အစည်း၊ သို့မဟုတ် ရဲတပ်ဖွဲ့ကနေပြီးတော့ ပြစ်မှု ကျူးလွန်တယ်လို့ ဒီသံသယရှိတဲ့လူကို ပြစ်မှုကျုးလွန်ကြောင်း ဖြောင့်ချက်သို့မဟုတ် ဝန်ခံချက်ရဖို့အတွက် မိမိအလိုအလျောက်နာကျည်းစေမှုပေါ့။ အရပ်စကားပြောမယ်ဆိုရင် တော့ နှိပ်စက်ညှဉ်းပန်းတာ ပြုလုပ်ပြီး  ဖြောင့်ချက်၊ သို့မဟုတ် ဝန်ခံချက်ရယူတာပေါ့.. ဒါက တပိုင်း။ နောက်တပိုင်းကျတော့ ပြည်သူအချင်းချင်း ဒီပစ္စည်းတခုခု ရချင်တယ်။ သို့မဟုတ် စာရွက်စာတမ်းတွေ ရချင်တယ်၊ သို့မဟုတ် နှုတ်ကတိပဋိညာဉ် တခုခု ရချင်တဲ့အခါမှာ အနိုင်အထက်.. ခုနကလို နှိပ်စက်ညှဉ်းပန်းပြီးတော့ ရယူတာမျိုး.. အဲဒီလို အပိုင်း ၂ ပိုင်း ရှိပါတယ်။ ခုနက မေးခွန်းအရ ပြောမယ်ဆိုရင် ဒီအာဏာပိုင်ပုဂ္ဂိုလ်၊ သို့မဟုတ် ရဲတပ်ဖွဲ့ အဖွဲ့ဝင်ကနေပြီးတော့မှ ခုနက ဖြောင့်ချက်၊ သို့မဟုတ် ဝန်ခံချက် တရပ်ရပ်ရချင်လို့ နှိပ်စက်ညှဉ်းပန်းပြီး ယူခဲ့တယ်ဆိုတာ ထင်ရှားပေါ်ပေါက်နေရင် အဲဒီစွပ်စွဲခံရတဲ့သူသည် ပြစ်မှုကျူးလွန်သည် ဖြစ်စေ၊ မကျူးလွန်သည် ဖြစ်စေ။ ကျူးလွန်ခဲ့ရင်လည်း သူ့ကျုးလွန်မှုကို တရားရုံးရဲ့ စီရင်ချက်အရပဲ လုပ်မယ်။ ဒီနှိပ်စက်ညှဉ်းပန်းမှုအတွက်ကတော့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၀ အရ ကျူးလွန်တဲ့ ရဲတပ်ဖွဲ့ဝင်၊ သို့မဟုတ် ရဲအရာရှိ ဒါတွေကို ကျနော်တို့ တရားရုံးမှာ တိုင်ကြားပြီး အရေးယူလို့ရပါတယ်။ သို့မဟုတ် ရဲချုပ်ထံမှာ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ အရေးယူပေးဖို့လည်း တိုင်ကြားလို့ ရပါတယ်။ ဒါက ပြစ်မှုကြောင်း အရ တိုင်ကြားတာပါ။ နောက်တခါ လျော်ကြေး၊ နစ်နာကြေး မရနိုင်ဘူးလားဆိုရင် လျော်ကြေး၊ နစ်နာကြေးလည်း ရနိုင်ပါတယ်။ ကျနော်တို့မှာ လူသိနည်းတဲ့ ဥပဒေတရပ်လည်း ရှိပါတယ်။ အဲဒါက ၁၉၇၅ ခုနှစ် နိုင်ငံသားများရဲ့ အခွင့်အရေး ကာကွယ်ရေးဥပဒေ ရှိပါတယ်။ အဲဒီဥပဒေအရ နစ်နာတဲ့ ပြည်သူတွေဟာ သူတို့ကို နစ်နာအောင် ပြုလုပ်တဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ ဆောင်ရွက်ချက်တွေကို အသေးစိတ် ဖော်ပြပြီးတော့မှ သူတို့ရဲ့ နစ်နာကြေး၊ လျော်ကြေးကို ဌာနအကြီးအကဲတွေဆီမှာ တောင်းခံခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ သက်ဆိုင်ရာ ဌာနအကြီးအကဲများကလည်း ဒီလျော်ကြေးတွေကို စိစစ်ပြီးတော့ လျော်ရမယ်လို့ ပြဋ္ဌာန်းထားတာရှိတဲ့အတွက် အကယ်၍ ရဲတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ကိုယ့်မှာ.. ခန္ဓာကိုယ်မှာ ထိခိုက်နစ်နာမှု၊ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုတွေ ရှိခဲ့လိုရှိရင် အဲဒီနစ်နာကြေး လျော်ကြေးကို ဖြစ်စဉ်ဖြစ်ရပ် အသေးစိတ်ကို ဖော်ပြပြီးတော့မှ ရဲချုပ်ဆီမှာ နစ်နာကြေး၊ လျော်ကြေးရရှိကြောင်း တောင်းခံနိုင်ပါတယ်။ အဲဒီက မဆောင်ရွက်ဘူးဆိုရင် ကျနော်တို့ တရားမ နစ်နာမှု ဥပဒေအရ စီရင်ပိုင်ခွင့်အာဏာရှိတဲ့ တရားရုံး တရုံးမှာ နစ်နာကြေး လျော်ကြေးရလိုမှု တရားမအဖြစ်နဲ့လည်း အမှုဖွင့် စွဲဆိုပြီး တောင်းခံနိုင်ပါတယ်။
1 year Ago
Up